၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ - နိုင်ငံတော်အခြေခံမူများ

Wednesday September 09, 2016

[ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများနှင့် နိုင်ငံသားပညာရေးဆိုင်ရာ အကြောင်းအရာများကို နားလည်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြာခဏ ပြန်လည်ကိုးကားရမြဲဖြစ်သည်။ သို့ဖြစ်ရာ လေ့လာသူများ၊ မဲဆန္ဒရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ပါဝင်ဆောင်ရွက်ကြသူများ လွယ်ကူစွာ ရည်ညွှန်းနိုင်ရန်နှင့် ရှာဖွေကူးယူနိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို မူရင်းစာသားများအတိုင်း အခန်းအလိုက် ဖော်ပြလိုက်ရပါသည်။ ယခုအပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံတော် အခြေခံမူများ (အပိုဒ် ၁ မှ ၄၈ ထိ) ကို ဖော်ပြထားခြင်း ဖြစ်ပါသည်။]

အခန်း (၁) နိုင်ငံတော်အခြေခံမူများ

နိုင်ငံတော်

၁။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်သည်။

၂။ နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်။

၃။ နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံ ဖြစ်သည်။

၄။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်။

၅။ နိုင်ငံတော်၏မြေထု၊ ရေထုနှင့် လေထုတို့ပါဝင်သော နယ်နိမိတ်သည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သည့်နေ့တွင် တည်ရှိသည့်အတိုင်းဖြစ်သည်။

အခြေခံမူများ

၆။ နိုင်ငံတော်သည် -

(က) ပြည်ထောင်စုမပြိုကွဲရေး၊

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊

(ဂ) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊

(ဃ) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊

(င) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့်

(စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်။

၇။ နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။

၈။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်။

၉။ (က) ရှိရင်းစွဲတိုင်း(၇)တိုင်းကို တိုင်းဒေသကြီး(၇)ခု အဖြစ်လည်းကောင်း၊ ရှိရင်းစွဲ ပြည်နယ်(၇)ပြည်နယ်ကို ပြည်နယ်(၇)ပြည်နယ် အဖြစ်လည်းကောင်း ပိုင်းခြားသတ်မှတ်သည်။ ထိုတိုင်းဒေသကြီး(၇)ခုနှင့် ပြည်နယ်(၇)ပြည်နယ်တို့သည် အဆင့်အတန်းတူညီကြသည်၊

      (ခ) ထိုတိုင်းဒေသကြီး(၇)ခုနှင့် ပြည်နယ်(၇)ပြည်နယ်တို့၏ အမည်များကို ရှိရင်းစွဲ အတိုင်း ခေါ်ဆိုသုံးနှုန်းသည်၊

      (ဂ) တိုင်းဒေသကြီးတစ်ခုခု၏အမည်ကိုဖြစ်စေ၊ ပြည်နယ်တစ်နယ်နယ်၏အမည်ကို ဖြစ်စေ ပြောင်းလဲသတ်မှတ်လိုလျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းနေထိုင်ကြသော နိုင်ငံသားများ၏ဆန္ဒရယူပြီး ဥပဒေပြဋ္ဌာန်း ခြင်းဖြင့် ပြောင်းလဲသတ်မှတ်ရမည်။

၁၀။ နိုင်ငံတော်တွင်ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စု နယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများစသည့် နိုင်ငံတော်၏နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ။

၁၁။ (က) နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုသည်၊

      ( ခ ) ထိုသို့ပိုင်းခြားထားသည့် နိုင်ငံတော်အာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ခွဲဝေအပ်နှင်းသည်။

၁၂။ (က) နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ဤဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်သော ဥပဒေပြုရေးအာဏာကို ခွဲဝေအပ်နှင်းသည်၊

      ( ခ ) ပြည်ထောင်စုလွှတ်တော်တွင် မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း၊ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်တစ်ရပ်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်တစ်ရပ်ဟူ၍ လွှတ်တော်နှစ်ရပ် ပါရှိသည်။

၁၃။ တိုင်းဒေသကြီး(၇)ခုတွင် တိုင်းဒေသကြီးလွှတ်တော်တစ်ရပ်စီနှင့် ပြည်နယ်(၇) ပြည်နယ်တွင် ပြည်နယ်လွှတ်တော်တစ်ရပ်စီ ရှိသည်။

၁၄။ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့်ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်။

၁၅။ လျော်ကန်သင့်မြတ်သော လူဦးရေရှိသည့် တိုင်းရင်းသားလူမျိုးများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဥပဒေပြုရေးတွင် ထိုတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိသည်။

၁၆။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်။

၁၇။ (က) နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်၊

      (ခ) ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ခရိုင်အုပ်ချုပ်ရေးတို့တွင် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေးစသည့် တာဝန်များထမ်းဆောင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်၊

      (ဂ) ပုဒ်မ ၁၅ အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဥပဒေပြုရေးတွင် ကိုယ်စားလှယ် ပါဝင်ခွင့် ရရှိသည့် တိုင်းရင်းသားလူမျိုးဖြစ်လျှင် ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု အုပ်ချုပ်ရေးတွင် အဓိကအားဖြင့် ထိုတိုင်းရင်းသား လူမျိုးများရေးရာကို ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များ ပါဝင်ခွင့်ပြုရမည်။

၁၈။ (က) နိုင်ငံတော်၏တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတရားရုံးများ အပါအဝင် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေအပ်နှင်းသည်၊

      (ခ) ပြည်ထောင်စုတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တစ်ရပ် ထားရှိသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏အမြင့်ဆုံး တရားရုံး ဖြစ်သည်၊

      (ဂ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် စာချွန်တော်အမိန့်များ ထုတ်ပိုင်ခွင့်အာဏာများရှိသည်၊

      (ဃ) တိုင်းဒေသကြီးတိုင်းတွင် တိုင်းဒေသကြီးတရားလွှတ်တော် တစ်ရပ်စီ လည်းကောင်း၊ ပြည်နယ်တိုင်းတွင် ပြည်နယ်တရားလွှတ်တော် တစ်ရပ်စီ လည်းကောင်း ထားရှိသည်။

၁၉။ အောက်ပါတို့ကို တရားစီရင်ရေးမူများအဖြစ် သတ်မှတ်သည် –

      (က) ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး၊

      (ခ) ဥပဒေအရကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊

      (ဂ) အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး။

၂၀။ (က) တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော် ဖြစ်သည်၊

      ( ခ ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်၊

      ( ဂ ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်သည်၊

      (ဃ) တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူ တစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့် ရှိသည်၊

      (င) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန် ရှိသည်၊

      (စ) တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည်။

၂၁။ (က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့် ရှိသည်၊

      (ခ) တရားရုံး၏ ခွင့်ပြုချက်မရရှိက နိုင်ငံသားတစ်ဦးကို ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခွင့် မရှိစေရ၊

      (ဂ) ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် နိုင်ငံသားတိုင်း၏တာဝန် ဖြစ်သည်၊

      (ဃ) နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ တာဝန်နှင့် တားမြစ်ချက်များ ထိရောက်ခိုင်မာ ပြည့်စုံစေရန် လိုအပ်သောဥပဒေ ပြဋ္ဌာန်းရမည်။

၂၂။ နိုင်ငံတော်သည် —

      (က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်၊

      (ခ) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်၊

      (ဂ) တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည်။

၂၃။ နိုင်ငံတော်သည် တောင်သူလယ်သမားများ၏ -

      (က) အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်၊

      (ခ) စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက်မည်။

၂၄။ နိုင်ငံတော်သည် အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်။

၂၅။ နိုင်ငံတော်သည် အသိပညာရှင်၊ အတတ်ပညာရှင်များ၏အကျိုးကို ကူညီဆောင်ရွက်မည်။

၂၆။ (က) နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်၊

      (ခ) နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ စားဝတ်နေမှုဖူလုံရေး၊ အိမ်ထောင်ရှင်အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်ရရှိရေးနှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမှု သက်သာချောင်ချိရေးတို့အတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းရမည်။

၂၇။ နိုင်ငံတော်သည် အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက် ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်မည်။

၂၈။ နိုင်ငံတော်သည် -

(က) ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေး တိုးတက်စေရေးတို့အတွက် အလေးထား ဆောင်ရွက်ရမည်၊

(ခ) ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေးတို့တွင် တိုင်းရင်းသားပြည်သူများက ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်မည့်ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ရမည်၊

(ဂ) အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်ရမည်၊

(ဃ) ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင်ရမည်။

၂၉။ နိုင်ငံတော်သည် လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းရမည်။

၃၀။ နိုင်ငံတော်သည် စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းရမည်။

၃၁။ နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့နည်းပါးစေရန် တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ရမည်။

၃၂။ နိုင်ငံတော်သည် -

(က) မိခင်နှင့်ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသောတပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်၊

(ခ) မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန်နှင့် အသက်မွေးပညာကို အခလွတ်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည်။

၃၃။ နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်။

၃၄။ ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့် သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်။

၃၅။ နိုင်ငံတော်၏စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ် ဖြစ်သည်။

၃၆။ နိုင်ငံတော်သည် -

      (က) အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ သမဝါယမအဖွဲ့အစည်းများ၊ ဖက်စပ်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကစသည့် စီးပွားရေးအင်အားစုအားလုံးကို စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုသည်၊

      (ခ) စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့်ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်၊

      ( ဂ ) အများပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်းမြှင့်တင်ရေးနှင့် အထွေထွေ အရင်းအနှီးများ တိုးတက်ဖွံ့ဖြိုးရေးတို့ကို ရှေးရှုဆောင်ရွက်မည်၊

(ဃ) စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်းမပြု၊

(င) တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု။

၃၇။ နိုင်ငံတော်သည် -

      (က) နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်၊

      (ခ) နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့်ဥပဒေ ပြဋ္ဌာန်းရမည်၊

      (ဂ) နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်။

၃၈။ (က) နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည်၊

      ( ခ ) ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ကို သက်ဆိုင်ရာ မဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်များနှင့် အညီ တာဝန်မှပြန်လည်ရုပ်သိမ်းခွင့် ရှိသည်။

၃၉။ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းနိုင်ရန် လိုအပ်သည့်ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ရမည်။

၄၀။ (က) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ၊ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း မရှိသည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတသည် ထိုတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၏ အုပ်ချုပ်ရေးဆိုင်ရာအခွင့်အာဏာကို သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာ၌ လိုအပ်လျှင် ထိုတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့် သက်ဆိုင်သည့် ဥပဒေပြု အခွင့်အာဏာများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်သမ္မတက သုံးစွဲဆောင်ရွက်ခွင့် ရှိသည်၊

      ( ခ ) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းရှိလျှင် ထိုအန္တရာယ်ကို တပ်မတော်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားချက်များနှင့်အညီ တားဆီးကာကွယ်စောင့်ရှောက်ခွင့် ရှိသည်၊

      (ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုစသော အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့် ရှိသည်။

၄၁။ နိုင်ငံတော်သည် လွတ်လပ်၍တကြွ်ကပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်။

၄၂။ (က) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော်တိုက်ခိုက်ခြင်းမပြု၊

      (ခ) နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု။

၄၃။ မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန်အာဏာ သက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရ။

၄၄။ လူ့သိက္ခာညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်ပြဋ္ဌာန်းခွင့် မရှိစေရ။

၄၅။ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်။

၄၆။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များနှင့် ပြည်နယ်လွှတ်တော်များက ပြဋ္ဌာန်းသည့် ဥပဒေများသည်လည်းကောင်း၊ ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိ၊မရှိစိစစ်ခြင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီး အချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအချင်းချင်း ဖြစ်ပေါ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ကြားနာဆုံးဖြတ်ခြင်းနှင့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေက အပ်နှင်းသည့် အခြားတာဝန်များ ဆောင်ရွက်ခြင်းတို့ကို ပြုနိုင်ရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ရုံးကို ဖွဲ့စည်းရမည်။

၄၇။ ဤအခန်းပါအခြေခံမူများနှင့် အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့်တာဝန်များ အခန်းတွင်ပါရှိသော “နိုင်ငံတော်” ဆိုသည်မှာ ရှေ့နောက် စကားရပ်တို့၏ အဓိပ္ပာယ်ကိုထောက်၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုမှု အခွင့်အာဏာကိုသော်လည်းကောင်း၊ အုပ်ချုပ်မှု အခွင့်အာဏာကို သော်လည်းကောင်း ကျင့်သုံးသော အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကိုဆိုလိုသည်။

၄၈။ နိုင်ငံတော်အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေပြဋ္ဌာန်းရာတွင် လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာက အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင်လည်းကောင်း လိုက်နာရမည့်လမ်းညွှန်များ ဖြစ်သည်။

[ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ နောက်ထပ်အခန်းများကို အောက်ပါ link များတွင် ဖတ်ရှုနိုင်ပါသည်။ ]

နိဒါန်း  |  အခန်း (၁) နိုင်ငံတော်အခြေခံမူများ |  အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ  |  အခန်း (၃) နိုင်ငံတော်အကြီးအကဲ  |  အခန်း (၄) ဥပဒေပြုရေး  |  အခန်း (၅) အုပ်ချုပ်ရေး  |  အခန်း (၆) တရားစီရင်ရေး  |  အခန်း (၇) တပ်မတော်  |   အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ  |  အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း  |  အခန်း (၁၀) နိုင်ငံရေးပါတီများ  |  အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ  |  အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း  | အခန်း (၁၃) နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ် သီချင်းနှင့်မြို့တော်  |  အခန်း (၁၄) ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များ  |  အခန်း (၁၅) အထွေထွေပြဋ္ဌာန်းချက်များ  |  နောက်ဆက်တွဲဇယား (၁) (၂) (၃) (၄) (၅)