တိုင်းရင်းသားအရေး မဟာမိတ်ဖွဲ့ဆောင်ရွက်ရန် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီများ နေပြည်တော်တွင် တွေ့ဆုံမည်

လွှတ်တော်အသစ်မစ တင်မီ တိုင်းရင်းသားအရေးကိစ္စ ရပ်များကို မဟာမိတ်ဖွဲ့ဆောင် ရွက်ရန် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများမှ လွှတ် တော်ကိုယ်စားလှယ်လောင်းများ ယခုလ အတွင်း နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်းသတင်း ရရှိသည်။
လာမည့်ဖေဖော်ဝါရီ ၁ရက် တွင် စတင်ကျင်းပမည့် ဒုတိယအ ကြိမ်အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များသို့ တက် ရောက်ရန် လွှတ်တော်ရုံးသို့ ဇန်န ဝါရီ ၂၆ရက်နောက်ဆုံးထားအ မည်စာရင်းပေးပို့ရမည်ဖြစ်ကာ ဇန်နဝါရီ ၂၆ရက်နှင့် ၂၇ရက် တို့တွင်နေပြည်တော်၌ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းများတွေ့ဆုံရန်ရှိသည်ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးဦးကမ်းလျန်ကပြောသည်။

‘‘ဇန်နဝါရီ ၂၆ရက်နောက် ဆုံးထားပြီး စာရင်းပေးရမယ်ဆို တော့ အဲဒီမှာ တိုင်းရင်းသားပါတီ က လွှတ်တော်ကိုယ်စားလှယ် လောင်းတွေစုပြီး လာမယ့်လွှတ်တော်မှာ မဟာမိတ်ပုံစံပေါင်းပြီးလုပ်နိုင် မယ့်အကြောင်းအရာတွေကို ဆွေးနွေးကြဖို့ရှိတယ်’’ဟု ဦးကမ်းလျန်က ဆိုသည်။

ယင်းသို့ တွေ့ဆုံမှုတွင် လွှတ်တော်အသစ် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌနေရာများရွေးချယ် ခြင်း၊ သမ္မတနေရာ တင်မြောက် ခြင်းကိစ္စရပ်များတွင် ပါဝင်ကြ မည့်အရေးကို ထည့်သွင်းဆွေး နွေးကြမည်ဟုသိရသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် တိုင်းရင်းသားပါ တီများကြား အများဆုံးအနိုင်ရ ထားသည့် ပါတီများပါဝင်နေ သည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့(UNA)သည် လွှတ်တော်အသစ်သို့တက် ရောက်လာမည့် အခြားသောတိုင်း ရင်းသားပါတီများနှင့် နေပြည် တော်တွင် လွှတ်တော်အသစ်မစ တင်မီတွေ့ဆုံရန်ရှိကြောင်း UNA ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦး အေးသာအောင်ကဆိုသည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ကြဖို့ ဆွေးနွေးကြဖို့ရှိတယ်။ နောက်တိုင်းရင်းသားအရေးတွေ ကို စည်းစည်းလုံးလုံးလုပ်ကြဖို့ ဆွေးနွေးကြဖို့ရှိတယ်’’ဟု ဦးအေး သာအောင်ကဆိုသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် တိုင်းရင်းသားပါ တီ ၁၈ပါတီက လွှတ်တော်သုံးရပ်ဖြစ်သော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်လွှတ်တော်တို့တွင် လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၃၈နေရာအနိုင်ရရှိထားသည်။

နိုင်ငံရေးပါတီ ၉၁ပါတီယှဉ်ပြိုင်ကြသော ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ် တော်သို့ နိုင်ငံရေးပါတီ ၁၁ပါတီ နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးသာ ရောက်ရှိခဲ့ပြီး အမျိုး သားလွှတ်တော်သို့လည်း နိုင်ငံ ရေးပါတီ ရှစ်ပါတီနှင့် တစ်သီးပုဂ္ဂ လလွှတ်တော်ကိုယ်စားလှယ်နှစ် ဦးရောက်ရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ် ပေါင်းစည်းထားသော ပြည် ထောင်စုလွှတ်တော်တွင် ရွေး ကောက်ခံကိုယ်စားလှယ်များ၏ ၈ဝရာခိုင်နှုန်းရရှိထားပြီး ပြည် ထောင်စုလွှတ်တော်သို့ ရောက်ရှိ သော တိုင်းရင်းသားပါတီများတွင် ယင်းပါတီ၏ မဟာမိတ်တိုင်းရင်းသားပါတီအများစု ပါဝင်နေသည်။

Source: 

7 Day Daily