အောင်မြင်တဲ့ရွေးကောက်ပွဲနောက်ပိုင်း ဖြေရှင်းနေရတဲ့အမှုအခင်းများ

ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ခံရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖေဖော်ဝါရီလဆန်းပိုင်းက ပြန်လည်အစပြုတဲ့လွှတ်တော်ကို တက်ရောက်ကြချိန်မှာ လွှတ်တော်အဆောက်အအုံတွေနဲ့ ၃ မိုင်ကျော် ကွာဝေးတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကတော့ အမှုအခင်း ဖြေရှင်းစရာတွေနဲ့ အလုပ်ရှုပ်နေပါတယ်။

သာမန်ပြည်သူ အများအပြားက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို မဲပေးရွေးချယ်လိုက်ပြီးတဲ့နောက်မှာ နိုဝင်ဘာ ၈ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပြီးဆုံးသွားပါပြီ၊ အခြေခံဥပဒေ တားမြစ်ချက်ကို ကျော်လွှားပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်မလား ဆိုတာကိုပဲ သိချင်နေကြတာပါ။

ရွေးကောက်ပွဲမှာ နိုင်သူတွေထဲက တချို့၊ ရှုံးသူတချို့၊ ရွေးကောက်ပွဲကော်မရှင်တို့ အတွက်တော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေက ပြီးဆုံးဖို့ လိုပါသေးတယ်။ ရွေးကောက်ပွဲဝင်သူ ၆,ဝ၃၈ ဦးထဲမှာ အသုံးစရိတ် ပြန်လည်အစီရင်ခံခြင်းမပြုသူတွေ၊ အပြန်အလှန် ကန့်ကွက်သူတွေ ရှိတဲ့အတွက် ကော်မရှင်က ခုံရုံးဖွဲ့ စစ်ဆေးနေပါပြီ။

အနိုင်ရတဲ့ကိုယ်စားလှယ်အမည် ကြေညာပြီး ရက် ၃ဝ အတွင်း ရွေးကောက်ပွဲအသုံးစရိတ်စာရင်း တင်သွင်းခြင်း မပြုသူ ၂ဝဝ နီးပါးကို နေပြည်တော် ခုံရုံးက စစ်ဆေးနေရာမှာ သောကြာနေ့မှာတော့ ကိုယ်စားလှယ်လောင်း ၁၆ဝ၊ ရွေးကောက်ပွဲကိုယ်စားလှယ် ၂၄ ဦး တို့ကို အရည်အချင်း ပျက်ယွင်းသူများအဖြစ် ကော်မရှင်က ကြေညာလိုက်ပါတယ်။

ဒီလို အရည်အချင်း ပျက်ယွင်းသူတွေဟာ လာမယ့် ၅ နှစ်အတွင်း ပြုလုပ်မယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတော့မှာ မဟုတ်ပါဘူး။

ခုံရုံးတင်တာမခံရဖို့အတွက် ကိုယ်စားလှယ်လောင်းတိုင်းက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို သေချာ လေ့လာထားသင့်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ညွန်ကြားရေးမှူး ဦးညွန့်တင်က ဆိုပါတယ်။

“ဥပဒေပြဋ္ဌာန်းချက်တွေအတိုင်းကို လိုက်နာပြီး ကျွန်တော်တို့ဆီ ကုန်ကျစရိတ်တွေတင်ရင် ကျွန်တော်တို့လည်း ဘာမှ လုပ်စရာမလိုပါဘူး” လို့ ဦးညွန့်တင်က ပြောပါတယ်။

ရွေးကောက်ပွဲ ရှုံးသူတချို့က သူတို့ရဲ့ပြိုင်ဘက်တွေအပေါ် ကန့်ကွက်ထားတဲ့ အမှုတွေကိုတော့ ဆက်လက် စစ်ဆေးနေဆဲပါ။
ကန့်ကွက်မှုများ

ပြိုင်ဘက်တွေ အပြန်အလှန်ကန့်ကွက်မှုပေါင်း ၄ဝ ကျော်ရှိရာမှာ အဲဒီထဲမှာ ရှမ်းပြည်နယ်လွှတ်တော် ရပ်စောက်မဲဆန္ဒနယ်က NLD ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်နဲ့ အနိုင်ရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဦးအောင်ကျော်ညွန့်တို့ရဲ့အမှုလည်း ပါဝင်ပါတယ်။

ဦးခိုင်ညီညီကျော်က မဲတစ်ထောင်ကျော်နဲ့ ကပ်ပြီး ရှုံးသွားရခြင်းဖြစ်ကြောင်း၊ စစ်တပ်နယ်မြေက လူဦးရေထပ်တိုးပြီး မဲပေးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြောပါတယ်။

“အဲဒီမဲတွေသာ မပါခဲ့ဘူးဆိုရင် ကျွန်တော်က နိုင်မှာ။ ကျွန်တော်တို့နယ်မြေက စစ်တပ်နယ်မြေဖြစ်တော့ သူ အဲ့ဒီမဲတွေနဲ့ သာသွားတာပေါ့” လို့ ရပ်စောက်မြို့မှာ အလူမီနီယံဆိုင်ငယ်တစ်ခု ဖွင့်လှစ်လုပ်ကိုင်နေသူ ဦးခိုင်ညီညီကျော်က ဆိုပါတယ်။

မဲပေးသူအရေအတွက်ဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ချက်အတိုင်းဖြစ်တယ်လို့ ကန့်ကွက်ခံရသူဘက်က တုံ့ပြန်ပါတယ်။ သူတို့အမှုဟာ ၂ လကျော်အတွင်း ရုံးချိန်း ၃ ကြိမ် ကျော်လွန်ခဲ့ပါပြီ။ ရုံးချိန်းတိုင်းမှာ နေပြည်တော်အထိ လာရောက်ရင်ဆိုင်ကြရပါတယ်။

နေပြည်တော်အထိ လာရောက်တရားရင်ဆိုင်ကြရတဲ့အတွက် ကန့်ကွက်သူရော၊ ကန့်ကွက်ခံရသူများပါ တရားရင်ဆိုင်ရတဲ့ စရိတ်တွေ များစွာကုန်ကျတယ်လို့ ဆိုကြပါတယ်။

“ပါတီကတော့ နည်းပညာနဲ့ ဥပဒေပိုင်းဆိုင်ရာတွေကို ကူညီပေးတယ်။ ရှေ့နေစရိတ်ရော၊ လမ်းခရီးစရိတ်တွေပါ ကိုယ့်ငွေနဲ့ကိုယ် လုပ်ရတာ” လို့ ဦးခိုင်ညီညီကျော်က ပြောပါတယ်။

အမှုတွေကို ကြည့်လိုက်ရင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေက NLD ပါတီ ကိုယ်စားလှယ်တွေကို ပြန်လည်ကန့်ကွက်တာ များပါတယ်။ နေရာဒေသအားဖြင့် ရန်ကုန်၊ ကချင်၊ ရှမ်း စတဲ့ ဒေသတွေမှာ ကန့်ကွက်မှု အများဆုံး ဖြစ်ပွားတာ တွေ့ရမှာပါ။

နေပြည်တော် ကော်မရှင်ရုံးထဲကို ဝင်လိုက်တာနဲ့ ဘယ်ဘက်က ကြေညာသင်ပုန်းမှာ ကန့်ကွက်လွှာတွေရဲ့ အချက်အလက်တွေကို အမှုတွဲတစ်ခုချင်းစီကို သေသေချာချာကပ်ထားပြီး အများပြည်သူ ဖတ်ရှုလို့ရအောင် လုပ်ပေးထားပါတယ်။ အတွင်းဘက်မှာတော့ ရွေးကောက်ပွဲဆိုင်ရာ ခုံတရားရုံး ပြင်ဆင်ခင်းကျင်းထားတာပါ။

အမှုပြီးချိန်က ခန့်မှန်းလို့မရနိုင်သေး

ကာယကံရှင်တွေ၊ သက်သေတွေကို အပြန်အလှန် စစ်မေးနေရတာကြောင့် အမှုတစ်ခုကို ၈ လ အနည်းဆုံး ကြာနိုင်တယ်လို့ ခန့်မှန်းကြောင်း ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်က NLD ကိုယ်စားလှယ် ဦးနေမျိုးထွန်းက သုံးသပ်ပါတယ်။

အပြန်အလှန် စစ်မေးတဲ့ကဏ္ဍ မရောက်သေးဘဲ ထုခြေလွှာတွေ တင်နေကြဆဲဖြစ်တယ်၊ ကန့်ကွက်သူဘက်ကလည်း သက်သေ ၂ဝ လောက် တင်ထားတဲ့အတွက် ရုံံးချိန်း အရေအတွက် ၃ဝ ကျော် ရင်ဆိုင်ရနိုင်တယ်လို့ သူက ဆိုပါတယ်။

တရားခွင်စစ်ဆေးနေစဉ် နှစ်ဘက်သက်သေတွေ ထပ်မံတင်သွင်းပြီး ခုံအဖွဲ့က လက်ခံလို့ ထပ်မံစစ်ဆေးတာမျိုးလည်း ရှိတတ်တဲ့ အတွက်ကြောင့် အမှုဘယ်တော့ ပြီးမယ် ဆိုတာကို ခန့်မှန်းလို့မရပါဘူးလို့ ကော်မရှင် ညွန်ကြားရေးမှူး ဦးညွန့်တင်က ပြောပါတယ်။ ကော်မရှင်သက်တမ်း ကျော်လွန်သွားရင်လည်း အနာဂတ်မှာ ပေါ်လာမယ့် ကော်မရှင်အဖွဲ့ကို ဒီအမှုတွေ လွှဲပြောင်းပေးရမယ်၊ အမှုတွေမှာ ကန့်ကွက်သူ အနိုင်ရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့် ရရှိနိုင်မှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

နေပြည်တော်ခုံရုံးရောက်အမှုတွေထဲမှာ အထင်ကရအဖြစ်ဆုံးအမှုကတော့ ကချင်ပြည်နယ်က ပြည်သူ့စစ်ခေါင်းဆောင် ဦးစခုန်တိန့်ယိန်း ပါဝင်ပတ်သက်နေတဲ့အမှုပါ။ သူဟာ မဲဆွယ်ကာလမှာ NLD အမတ်လောင်းတွေကို ဟန့်တားတယ်၊ ချီဖွေမြို့နယ်အတွင်း တိုက်ခိုက်မှုတွေမှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံနေရပါတယ်။

ဦးစခုန်တိန့်ယိန်း လုပ်ဆောင်တယ် ဆိုတဲ့ စွပ်စွဲချက်ကို ကိုင်တွယ်မယ့် ခုံရုံးကို လေ့လာနေသူများထဲမှာ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာဌာန အကြီးတန်းသုတေသီ David Mathieson လည်း ပါဝင်ပါတယ်။

"ဒီအမှုနဲ့ပတ်သက်လို့ တရားစီရင်မှုလုပ်ငန်းစဉ်ဟာ မျှတပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်" လို့ သူက ဆိုပါတယ်။

"ဒါဟာ ရွေးကောက်ပွဲမသမာမှုနဲ့ပတ်သက်တဲ့စုံစမ်းတာတွေက ဒီမိုကရေစီစနစ်မှာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေဖြစ်ကြောင်း သက်သေပြနိုင်ရုံအတွက်ပဲ မဟုတ်ပါဘူး၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်သူ နိုင်ငံရေးသမားတွေရဲ့ ခြိမ်းခြောက်မှုတွေဟာ ဒီမိုကရေစီစနစ်မှာ နေရာမရှိဘူး ဆိုတာ ရှင်းရှင်းလင်းလင်း ပြသနိုင်ဖို့ဖြစ်ပါတယ်" လို့ David Mathieson က ပြောပါတယ်။ ။

Source: 

Myanmar Now