၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်အမျိုးသားပါတီက ကိုယ်စားလှယ်သုံးနေရာသာ အနိုင်ရရှိခဲ့ပြီး အရှုံးနှင့် ရင်ဆိုင်ရခြင်းသည် လွတ်လပ်သော မွန်အမျိုးသားအောင်နိုင်ရေး အကျိုးဆောင်အဖွဲ့ (M23) ကြောင့်လည်းပါသည်ဟု မွန်အမျိုးသားပါတီ (MNP) က သုံးသပ်သည်။ မွန်အမျိုးသားပါတီသည် မဲရှုံးရခြင်းအကြောင်းအရင်းနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်သည့် ဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၃၀ ရက်နေ့ ကျင်းပခဲ့ပြီး မဲပေးရာတွင် မွန်ပြည်သူကြားတွေဝေသွားအောင် M23 အဖွဲ့မှ လုပ်ဆောင်ခြင်းအပါအဝင် အကြောင်းအရင်း ၂၄ ချက်ကို သုံးသပ်ထုတ်နုတ်ထားသည်။ “ M23 ဝင်ပါလိုက်လို့ မဲက နိုင်သင့်သလောက် မနိုင်ဘူး။ ဥပမာ- ရေးမြို့နယ်မှာလိုမျိုး M23 က ကိုယ်စားလှယ်တွေ ရွေးထုတ်တာမျိုး အဲလိုမျိုးသာမလုပ်ဘူးဆိုရင် ကျနော်တို့ ပါတီ ဒီထက်ပိုနိုင်မယ်” မွန်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စိုးမြင့်က ပြောသည်။ မွန်အမျိုးသားပါတီ မဲရှုံးရခြင်းအကြောင်းအရင်း ၂၄ ချက်အနက် ပါတီစည်းကမ်းထိန်းသိမ်းမှုနည်းခြင်း၊ ပါတီဝင်များ ပါတီမူဝါဒလမ်းစဉ်အတိုင်း လိုက်နာမှုမရှိခြင်း၊ ပါတီခေါင်းဆောင်များ စည်းလုံးမှုမရှိခြင်း၊ ပါတီထိပ်ပိုင်းခေါင်းများ အလုပ် အချက် ၅ ချက် ခန့်သာ ပါတီကြောင့် မဲရှုံးရခြင်းဟု သုံးသပ်ထားပြီး ကျန်အချက်များသည် မဲစာရင်းကိစ္စ၊ ပါတီမလိုလားသူများ တိုက်ခိုက်ခြင်း၊ နှစ်ပါတီပေါင်းစည်းရေး နောက်ဆက်တွဲ ကိစ္စ၊ ပါတီကြီးတို့၏ ဩဇာ အရှိန်အဝါကြီးလွန်ခြင်း စသည့်ပြင်ပအကြောင်းအချက်များကြောင့် ဖြစ်သည်ဟု သုံးသပ်ထားသည်။ M23 သည် မွန်လွှတ်တော်ကိုယ်စားလှယ်လောင်းများ လွှတ်တော်တွင်းများများရောက်နိုင်ရေးအတွက် ရည်ရွယ်ချက်လှုပ်ရှားခဲ့ပြီး ရွေ့လျားလှုံ့ဆော်စည်းရုံးရေးအတွက် တေးဂီတယာဉ်ဖြင့် လှုံ့ဆော်ခြင်း ဆန္ဒမဲပေးနည်း သင်တန်းပြုလုပ်ခြင်းနှင့် လူထု အမြင်ကို အခြေခံ၍ ကိုယ်စားလှယ်လောင်းစမ်းသပ်ရွေးချယ်ရာတွင် ကူညီခြင်းတို့ကို ပြုလုပ်ခဲ့သည်။ “ MNP က သူတို့ မဲရှုံးတာဟာ M23 ကြောင့်လို့ ပြောတယ်။ ဒီအချက်ကို ပယ်ချပါတယ်။ မဲဆန္ဒရှင်တွေက MNP ကနေ ဝင်ပြိုင်တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းတွေကို မကြိုက်ကြလို့ မဲမပေးတာပါလို့ပဲ ပြောချင်တယ်” ဟု M23 ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဦးမင်းနွယ်က တုံ့ပြန်သည်။ အဖွဲ့ဝင် ၂၃ ဦး ပါဝင်သည့် M23 သည့် M23 သည် ၂၀၁၅ ခုနှစ် မေလ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းထိ လှုပ်ရှားလာခဲ့ကာ ယခုအခါ ရည်ရွယ်ထားသည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီပြီဖြစ်သောကြောင့် အဖွဲ့ဖျက်သိမ်းကြောင်း နိုဝင်ဘာ ၂၄ ရက်က ကြေညာခဲ့သည်။ ရွေးကောက်ပွဲတွင် မွန်အမျိုးသားပါတီက ကိုယ်စားလှယ် ၅၃ ဦး ဝင်ပြိုင်ခဲ့ပြီး ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာ မင်းကြည်ဝင်း၊ နိုင်သီဟတို့ ၃ ဦးသာ ရွေးချယ်ခံရသည်။
Thursday December 12, 2015
The Voice