ပြည်ထောင်စုအ ဆင့်ဝန်ကြီးများတွင် ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနည်းစုသာပါဝင်နိုင်ဖွယ်ရှိကြောင်း ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မတ်လ ၄ ရက်တွင် နေပြည်တော်ရှိဒေါ်အောင်ဆန်းစုကြည်၏ နှင်းဆီစံအိမ်၌ ပြုလုပ်သော အစည်းအဝေးအပြီး မီဒီယာများအား ပြောသည်။
‘‘ပြည်ထောင်စုအဆင့်မှာပါ မယ့် ဝန်ကြီးတွေရဲ့ဖွဲ့စည်းမှုက အင်န်အယ်လ်ဒီက ပုဂ္ဂိုလ်တွေလည်း ပါမယ်။ ပညာရှင်တွေလည်း ပါ မယ်။ တခြားပါတီက လူတွေ လည်း ပါမယ်။ ပြည်ထောင်စုအ ဆင့်မှာ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေက လူနည်းစုတောင် ဖြစ်နိုင်တယ်။ ၃၀ ရာခိုင်နှုန်းနဲ့ ၄၀ ရာခိုင်နှုန်းကြား လောက်ဖြစ်မယ်’’ဟု ဦးဝင်းထိန် က ပြောသည်။
အတိအကျကိုမူ မတ်လ ၆ ရက်တွင် ပြုလုပ်မည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပြီးမှ သိရမည် ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်နေရာများအတွက် ဒီချုပ်အဖွဲ့ဝင်များကိုသာ ခန့်အပ်မည်ဟု ဆိုသည်။ သို့သော် အခြားပါတီဝင်များကို ပြည်သူလူထုအကျိုးအတွက် သင့်လျော်လျှင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးနေရာများအတွက် စဉ်းစားရန်လျာထားကြောင်း ဦးဝင်းထိန်က ပြော သည်။
အစိုးရဖွဲ့ရန် လူရွေးချယ်ရာ တွင် စေတနာ၊ အရည်အချင်းနှင့် အဂတိတရားလိုက်စားမှုအနည်း ဆုံးဖြစ်မည့် လူများအားရွေးနိုင်ရန် နေရာတစ်ခုအတွက် လူသုံးဦးမှ ငါးဦးအတွင်း စဉ်းစားကြောင်း ဦးဝင်းထိန်က ပြောသည်။
‘‘အရည်အချင်းနဲ့ နောက်ခံ သမိုင်းတွေ လေ့လာပြီးတော့မှ သင့်တော်တဲ့ ပုဂ္ဂိုလ်တွေရွေးတဲ့ အတွက် လျှို့ဝှက်ထားတာ’’ဟု လူရွေးချယ်ပုံနှင့် ပတ်သက်၍ ဦးဝင်း ထိန်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့တွင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့ ပါဝင် သည်။ ဒီချုပ်အနိုင်ရရှိမှု ရာခိုင်နှုန်း နည်းပါးသည့် ရခိုင်ပြည်နယ်၏ ဝန်ကြီးချုပ်နေရာအတွက် ဒီချုပ်မှ ဦးညီပုကို လျာထားသည်။ နောက်ထပ်ဒီချုပ်အနိုင်ရရှိသည့် ရာခိုင်နှုန်းနည်းပါးသည့် ရှမ်းပြည်နယ်၏ ဝန်ကြီးချုပ်နေရာအတွက် ၎င်းက တိတိကျကျအဖြေမပေးခဲ့ပေ။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန် ကြီးချုပ်နေရာများကို သမ္မတက ခန့်အပ်ခွင့်ရှိသည်။ ပြည်ခိုင်ဖြိုး အစိုးရလက်ထက်ကမူ အခြားပါ တီမှ ပုဂ္ဂိုလ်နှစ်ဦးကိုသာ ဒုဝန်ကြီးနေရာပေးခဲ့ပြီး ပြည်ထောင်စုဝန် ကြီးနှင့် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နေရာများအတွက် အခြား ပါတီဝင်များအား လုံး၀နေရာမ ပေးခဲ့ချေ။