လွှတ်တော်အမတ်အဖြစ်မှ ရုပ်သိမ်းခွင့်ဥပဒေ မပြဋ္ဌာန်းနိုင်ခဲ့ခြင်းက အားမရဆုံးဖြစ်ရပ်ဟု ဦးတင်အေးဖွင့်ဟ

သက်တမ်းတစ်လျှောက်တွင် လွှတ်တော် အမတ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခွင့်(Recall Law)ဥပဒေ မပြဋ္ဌာန်းနိုင်ခဲ့ခြင်းအပေါ် အားမရဆုံးဖြစ်ရပ် အဖြစ်ခံစားရကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ဖေဖော်ဝါရီ ၂၉ ရက်တွင် ရန်ကုန်မြို့ ပါ့ခ်ရွိုင် ရယ်ဟိုတယ်၌ပြုလုပ်သည့်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အခမ်းအနား၌ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအား တာဝန်ယူခဲ့သည့်သက်တမ်းတစ်လျှောက်အားအရဆုံး လုပ်ဆောင်ချက်နှင့် အားရမှု မရှိခဲ့ သော အကြောင်းကိစ္စကို 7Day သတင်းစာက မေးမြန်းခဲ့မှုအပေါ် ဖြေကြားခဲ့ခြင်းဖြစ်သည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေအ ရလည်း ဒီဥပဒေပြဋ္ဌာန်းဖို့ရေးထား တာရှိတယ်။ ကျွန်တော်ကပြဋ္ဌာန်း ဖို့ပြောတော့ ဦးခင်အောင်မြင့်က ခင်ဗျားရေးပါပြောတယ်။ ၂၀၁၃ ကထင်တယ်။ ကျွန်တော်ရေးပြီး တော့ သတင်းစာထဲမှာတောင်အ များသိအောင်ဥပဒေကြမ်းအဖြစ် ဖော်ပြလိုက်သေးတယ်။ ပြီးတော့ ပြဋ္ဌာန်းဖို့အကြိမ်ကြိမ်ပြောပေ မယ့် ဖြစ်မလာဘဲနောက်ဆုံးတော့ လွှတ်တော်ကနေ ဒီဥပဒေပြဋ္ဌာန်း ဖို့ကိစ္စဆိုင်းငံ့တယ်ဆိုပြီး ဆုံးဖြတ် လိုက်တဲ့နောက် ကျွန်တော်လည်း လက်လျှော့လိုက်ရတယ်။ ကျွန် တော့်အတွက် အားမရစရာကိစ္စ ဒီတစ်ခုပဲရှိတယ်’’ဟု ဦးတင်အေး ကပြောသည်။

လွှတ်တော်တွင် နိုင်ငံနှင့်ဒေ သတိုးတက်ရေးမလုပ်နိုင်သော ကိုယ်စားလှယ်များအား ပြည်သူ များက ပြန်လည်ဖြုတ်ချခြင်းဖြင့် လွှတ်တော်ကိုထိန်းညှိမှုပြုလုပ် နိုင်မည်ဖြစ်သော်လည်း ယခုအခါ ယင်းအခွင့်အရေးဆုံးရှုံးနေသည်ဟု ၎င်းကပြောသည်။

‘‘ဒီဥပဒေမပြဋ္ဌာန်းနိုင်ခဲ့တာ ကြောင့် လွှတ်တော်က အာဏာ ရှင်စနစ်တွေ ပေါ်ပေါက်လာမှာ ကျွန်တော်စိုးရိမ်တယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါဥပဒေအကောင်အ ထည်မဖော်နိုင်ခဲ့ခြင်းအပေါ် အား ရမှုမရှိခဲ့သော်လည်း ရွေးကောက် ပွဲအောင်မြင်စွာကျင်းပခဲ့မှုနှင့် အခြား တာဝန်ယူဆောင်ရွက်ခဲ့သမျှကိစ္စရပ်များအပေါ်ကိုမူ ကျေနပ်အားရမှုအပြည့်ရှိခဲ့သည်ဟု ဆို သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အစိုးရ သက်တမ်းနှင့်အတူ လာမည့် မတ်လကုန်တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။ သက်တမ်း ကုန်ဆုံးပြီးနောက် ပြည်ခိုင်ဖြိုးပါတီထိပ်တန်း ခေါင်းဆောင် တစ်ဦးအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက တာဝန်ယူခဲ့သည့် ဦးတင်အေးအနေဖြင့် ပါတီနှင့် ပြန်လည်ပူးပေါင်းမှု ပြုလုပ်သွားရန် ရှိ၊ မရှိဆိုသည်ကိုလည်း ဆုံးဖြတ်ထားရသေးခြင်းမရှိကြောင်း တစ်ဆက်တည်း ဖြေ ကြားခဲ့သည်။

၎င်းအနေဖြင့် အစိုးရသစ် လက်ထက်တွင် အမျိုးသားနိုင်ငံ ရေးကိုသာ ဆက်လက် လုပ်ဆောင်သွားရန်ရှိသည်ဟု ဆိုသည်။

‘‘ကျွန်တော့်အနေနဲ့က ပါတီ နိုင်ငံရေးကို သိပ်မကြိုက်ဘူး။ ပါ တီနိုင်ငံရေးကနောက်မှာအာဏာ ပါလာတယ်။ အာဏာပါလာတဲ့ အခါမှာ တိုက်တာခိုက်တာတွေပါ လာတယ်။ ကျွန်တော်နဲ့မကိုက် ဘူး။ နိုင်ငံတိုးတက်ရေးအတွက်က အမျိုးသားနိုင်ငံရေးလုပ်မယ်ဆိုတဲ့အခါ ပါတီတစ်ခုခုရဲ့ အားယူဖို့လိုရင်အဲဒီအခါကျတော့ စဉ်းစားလာနိုင်တယ်။ သမ္မတကြီး ဦးသိန်းစိန်ကလည်း ပါတီဥက္ကဋ္ဌပြန်လုပ်မယ်ပြောထားတယ်။ သူတို့နဲ့ ကိုယ်က နှစ်ပေါင်းသုံး၊လေးဆယ်အလုပ်အတူ လုပ်လာခဲ့ကြတာ ပုဂ္ဂိုလ်ရေးအရ သူငယ်ချင်းတွေဆိုတော့ရဲဘော်ရဲဘက်လို ခင်တာကြောင့် လုပ်မယ်’’ဟု ၎င်းက ပြောသည်။

ဦးတင်အေးသည် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ် ပြီး ၂၀၁၀ရွေးကောက်ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမန္တလေးတိုင်း တံတားဦးမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ဦးသိန်းစိန် အစိုးရလက်ထက်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံရသူဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ နာမည်ကောင်း ရရှိခဲ့သည်။

Source: 

7 Day Daily