ရွေးကောက်ပွဲမဲဆွယ် စည်းရုံးမှုကာလမှ ပြီးခဲ့သည့်နိုဝင် ဘာ ၂၃ ရက်အထိ မန္တလေးတိုင်း ဒေသကြီးအတွင်း ရွေးကောက်ပွဲ ဆိုင်ရာ တရားမဲ့ပြုကျင့်မှုများအတွက် ရဲစခန်းများ၌ အမှုဖွင့်တိုင်ကြားမှု ၇၃ မှုရှိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှသတင်းရရှိသည်။
ကျောက်ဆည်ခရိုင်သည် ရွေးကောက်ပွဲဆိုင်ရာတရားမဲ့ပြု ကျင့်ခံရမှုများအတွက် မန္တလေး တိုင်းဒေသကြီးအတွင်း အမှုဖွင့် တိုင်ကြားမှုအများဆုံးခရိုင်ဖြစ်ခဲ့ ပြီး စုစုပေါင်းရဲစခန်းတွင်အမှုဖွင့် တိုင်ကြားမှု ၁၉ မှုအထိရှိခဲ့သည်။ ပြင်ဦးလွင်ခရိုင်တွင် ၁၄ မှုနှင့် ရမည်းသင်းခရိုင်တွင် ၁၂ မှုရှိ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်ခံရမှုများအတွက် ရဲ အရေးပိုင်မှုများအဖြစ်သတ်မှတ် ၍ ရွေးကောက်ပွဲကျင်းပအပြီး ၁၅ ရက်အကြာ နိုဝင်ဘာ ၂၃ ရက် အထိ ရဲစခန်းများတွင် တိုင်ကြား အမှုဖွင့်ခွင့်ပြုခဲ့သည်။ ထိုသို့ရဲ စခန်းတွင် အမှုဖွင့်တိုင်ကြားလာမှု များကို ရဲလုပ်ထုံးလုပ်နည်းများအရ စိစစ်ကာတရားရုံးများ၌ တရားစွဲဆိုအရေးယူမည်ဖြစ်သည်။
အမှုဖွင့်တိုင်ကြားမှုဖြစ်စဉ် များနှင့် မည်သည့်နိုင်ငံရေးပါတီ က အများဆုံးအမှုဖွင့်တိုင်ကြား သည်ဆိုသည်ကိုမူ မန္တလေးတိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခြင်း မရှိပေ။
မန္တလေးခရိုင်တွင် ရွေး ကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့် ခံရမှုများအတွက် ရဲစခန်း၌ အမှုဖွင့်တိုင်ကြားမှု ကိုးမှုရှိခဲ့ပြီး အများစုမှာ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲနေ့တွင် ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်များအပေါ် အမှုဖွင့်တိုင်ကြားခဲ့ကြခြင်းဖြစ်သည်ဟု မန္တလေးခရိုင်ရွေး ကောက်ပွဲကော်မရှင် အရာရှိ ဦးတင်မင်းအေးကပြောသည်။
မဲရုံအတွင်း မဲဆွယ်စည်းရုံး သည်ဟုဆိုကာ အမှုဖွင့်တိုင်ကြား ခြင်း၊ မဲရုံကိုယ်စားလှယ်ကိုအမှုဖွင့်တိုင်ကြားခြင်း၊ ဘာသာရေးအသုံးချမဲဆွယ်သည်ဟုဆိုကာလွှတ်တော်ကိုယ်စားလှယ်လောင်းကို အမှုဖွင့်တိုင်ကြားခြင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးဗီနိုင်း ဆိုင်းဘုတ်ဖျက်ဆီးခံရခြင်း အတွက်တိုင်ကြားခြင်းစသည့် ဖြစ်စဉ်များပါဝင်သည်ဟု ၎င်းကပြော သည်။
‘‘ဒီအမှုတွေ ရဲအရေးပိုင်တဲ့ အမှုတွေ။ ရွေးကောက်ပွဲကော် မရှင်နဲ့တိုက်ရိုက်မသက်ဆိုင်ဘူး။ အမှုဖွင့်တိုင်ကြားလာတဲ့အပေါ် ရဲတပ်ဖွဲ့ကစစ်ဆေးပြီး တရားရုံး ကဆုံးဖြတ်မှာဖြစ်ပါတယ်’’ဟု ဦးတင်မင်းအေးကပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား သည့်ရဲအရေးပိုင်မှုနှင့် ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းမှုဟူ၍ အပိုင်း(၂)ပိုင်း ခွဲခြားထားသည်။ ရဲအရေးပိုင် သည့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှု များအတွက် ရွေးကောက်ပွဲကျင်း ပပြီး ၁၅ ရက်ကြာချိန်အထိ ရဲ စခန်းများတွင်အမှုဖွင့်တိုင်ကြား နိုင်ပြီး ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်လောင်းအား ကန့်ကွက်လိုပါကလည်း ကိုယ်စားလှယ် လောင်းအမည်စာရင်းကြေညာပြီး ၄၅ ရက်အတွင်း ခရိုင် ရွေးကောက်ပွဲကော်မရှင်သို့ အထောက်အထားများနှင့်တကွ ကန့်ကွက်နိုင်ကြောင်း ရွေးကောက်ပွဲဥပဒေ များ၌ ပြဋ္ဌာန်းထားသည်။
တိုင်ကြားတင်ပြလာသည့် ကန့်ကွက်မှုများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးပြီး ဆုံးဖြတ်မည်ဖြစ်သည်။