အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် သမ္မတလောင်း လေးဦးမှ ဆယ်ဦးအထိ လျာထားပြီး သမ္မတဖြစ်မည့်သူသည် ယခင်နှင့် ယခုပါ စစ်ရေးအတွေ့အကြုံမရှိသူ ပါတီဝင်ဖြစ်ရမည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်ဦးဉာဏ်ဝင်းက ဂျပန်သတင်းဌာနမှ ယိုမိယူရီအား ပြောကြားသည်။
‘‘လေးယောက်ကနေ ဆယ် ယောက်လောက် လျာထားတယ်။ သမ္မတဖြစ်မယ့်လူဟာ ပါတီဝင် ဖြစ်ပြီး အရင်ရော၊ လက်ရှိရော စစ်ရေးအတွေ့အကြုံမရှိသူဖြစ်ရ မယ်’’ဟု NLD စီအီးစီ ဦးဉာဏ် ဝင်းကပြောကြားကြောင်း နိုဝင်ဘာ ၂၉ ရက်ထုတ် ယိုမိယူရီ သတင်းစာ၌ ဖော်ပြထားသည်။
၎င်းကိုယ်တိုင်ကမူ မဖြစ်နိုင် ဟုထင်ကြောင်း ဂျပန်နိုင်ငံသို့တရားဝင်အလည်အပတ်သွား ရောက်ခဲ့သည့် ဦးဉာဏ်ဝင်းက ဆိုသည်။
ပါတီနာယက ဦးတင်ဦးအား သမ္မတလောင်းအဖြစ် ခန့်မှန်းမှု များ ထွက်ပေါ်နေသည်။ သို့သော်၎င်းသည် မြန်မာ့တပ်မတော်၏ စတုတ္ထမြောက်ကာ ကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည့် သူရဘွဲ့ရ အငြိမ်းစားဗိုလ် ချုပ်ကြီးဖြစ်နေ၍ ယခုသတ်မှတ် ချက်နှင့် မကိုက်ညီတော့ကြောင်း တွေ့ရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတဖြစ်ခွင့်မရှိ သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအနေဖြင့် အစိုးရသစ်တွင် သမ္မတ ၏အထက်မှ ရပ်တည်မည်ဟု မကြာသေးမီက တရားဝင်ပြော ကြားထားသည်။ အနိုင်ရပါတီ ခေါင်းဆောင်က ခန့်အပ်တာဝန် ပေးမည့်သမ္မတသည် အာဏာရှိ မည်မဟုတ်ဘဲ သမ္မတအထက် တွင် သူရှိမည်၊ နိုင်ငံရေးဆုံးဖြတ် ချက်အားလုံး ၎င်းကသာ ချမှတ်မည်ဟု ပြောကြားထားသည်။
‘‘ဖွဲ့စည်းပုံက ပေးထားတဲ့ သမ္မတဟာ ၂၅ ရာခိုင်နှုန်းသော စစ်တပ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ဘယ်လိုမှ မကျော်လွန်နိုင်ပါဘူး။ အဲဒါကြောင့်မို့လို့ ဖွဲ့စည်းပုံက ပေးထားတဲ့အတိုင်းပဲ သွားနေတဲ့ သမ္မတမျိုးဟာလည်း ပြည်သူလူ ထုရဲ့ဆန္ဒကို ဖော်ဆောင်ပေးနိုင် မယ့် သမ္မတမျိုးမဖြစ်မယ့်အတွက် ကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို လိုလားတဲ့ သမ္မတ၊ ပြီးတော့ အဲဒီသမ္မတကို ရွေးချယ်ပေးတဲ့အဖွဲ့က ဖွဲ့စည်းပုံ ကို လုံးဝပြင်ဆင်ချင်ပါတယ်ဆိုတဲ့ အနေအထားမျိုး၊ အဲဒါကို တပ် မတော်နဲ့ အချိုးညီညီအချိန်ကိုက် စဉ်းစားပြီးတော့မှ လုပ်ဆောင်နိုင် တဲ့ သမ္မတမျိုးဖြစ်ဖို့ လိုအပ်ပါ တယ်။ တပ်မတော်ကိုလည်းပဲ မူးတင်းပဲတင်းမဟုတ်ဘဲနဲ့ တင်း ပြည့်ကျပ်ပြည့် သူ့အနေနဲ့ တောင်းဆိုရဲတဲ့သတ္တိမျိုး ရှိဖို့လိုအပ်ပါ တယ်ခင်ဗျ’’ဟု ဩဇာကြီးသော ရှမ်းတိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က ပြောကြားသည်။
NLD အနေဖြင့် အစိုးရဖွဲ့ပါ က တိုင်းရင်းသားကိုယ်စားလှယ် များ၊ ပြုပြင်ပြောင်းလဲလိုစိတ်ရှိကြ သည့် တပ်မတော်အရာရှိများ ပါဝင်သည့် အမျိုးသားရင်ကြားစေ့ ရေးအစိုးရကို ဖွဲ့စည်းသင့်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူများက တိုက်တွန်းနေသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အစိုးရအ ဖွဲ့တွင် NLD ပါတီဝင်မဟုတ်သော တိုင်းရင်းသားများ ပါဝင်မည်၊ နိုင်ငံကို အကျိုးပြုနိုင်မည့် အခြားသူများလည်း ပါဝင်မည်ဟု မျှော် လင့်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်း ကပင် ပြောကြားသည်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်များအရ ပြည်ထောင်စု လွှတ်တော်တွင် NLD က ၃၉၀ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက ၄၂ နေရာ၊ ရခိုင်အမျိုးသားပါတီက ၂၂ နေ ရာ၊ SNLD က ၁၅ နေရာ အသီး သီးရရှိထားသည်။ ပြည်ထောင်စု လွှတ်တော်တွင် NLD သည် ရွေး ကောက်ခံ လွှတ်တော်ကိုယ်စား လှယ်များအားလုံး၏ ၇၉ ဒသမ ၄ ရာခိုင်နှုန်းရရှိထား၍ အစိုးရတစ် ရပ်ဖွဲ့စည်းနိုင်ခွင့် ရရှိထားသည်။ အပြတ်အသတ် အနိုင်ရထား သော NLD အနေဖြင့် ဒုသမ္မတ လောင်းနှစ်ဦး တင်မြှောက်ခွင့်ရှိ နေသည့်အနက် တစ်ဦးမှာ သမ္မတဖြစ်မည်ဖြစ်သည်။ လက်ရှိဖွဲ့ စည်းပုံအခြေခံဥပဒေအရ သမ္မတကို သမ္မတရွေးချယ်ရေးအဖွဲ့က ရွေးချယ်တင်မြှောက်ရမည်ဖြစ်ပြီး ယင်းအဖွဲ့ကို ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် အစုအဖွဲ့သုံးဖွဲ့ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များ အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ ထိုလွှတ်တော်နှစ်ရပ်အတွက် တပ်ချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့ဆိုသည့် သုံးဖွဲ့မှနေ၍ ဒုသမ္မတတစ်ဦးစီကို ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ်တင်မြှောက်နိုင်သည်။ ယင်းအနက် တစ်ဦးကို သမ္မတအဖြစ် လွှတ်တော်တွင် ဆန္ဒမဲပေးရွေး ချယ်ကြမည်ဖြစ်သည်။ တပ်မတော်က တင်မြှောက်မည့် ဒုသမ္မတတစ်ဦးလည်း NLD အစိုးရအဖွဲ့တွင် ပါဝင်မည်ဖြစ်သည်။