ရွေးကောက်ပွဲကန့်ကွက်လွှာစစ်ဆေးမှုများ မြန်ဆန်စေရန် တိုင်း၊ပြည်နယ်များသို့ ခုံအဖွဲ့သွားရောက်စစ်ဆေးမည်

ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်လွှာများ စစ်ဆေးရာတွင် မြန်ဆန်စေရန် ကန့်ကွက်လွှာတင်သွင်းသည့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခုံအဖွဲ့က သွားရောက် စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

ကန့်ကွက်လွှာများ စစ်ဆေး မည့် ခုံအဖွဲ့များကို လက်ရှိအချိန် တွင် ဖွဲ့စည်းထားခြင်းမရှိသေးဘဲ ကန့်ကွက်လွှာများ ရောက်ရှိလာသည့်အချိန်၌ စတင်ဖွဲ့စည်းမှုပြုလုပ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က ပြောသည်။

ရွေးကောက်ပွဲခုံအဖွဲ့ကို ဥက္ကဋ္ဌ တစ်ဦး၊ အဖွဲ့ဝင်နှစ်ဦးဖြင့် ဖွဲ့စည်းကာ နှစ်ဖက်ရှေ့နေများ၊ သက်သေများရှေ့မှောက်တွင် (Open Court) စစ်ဆေးဆုံးဖြတ် မည်ဖြစ်ပြီး မီဒီယာများနှင့် ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာ သူများ လေ့လာနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်မှ သိရသည်။

ကန့်ကွက်လွှာများကို စိစစ် မည့် ခုံအဖွဲ့ ဖွဲ့စည်းနိုင်ရန် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံမှ ဥပဒေပညာရှင်များ၏ အမည်စာရင်းကို တောင်းခံလာကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်က ပြောသည်။
‘‘ကျွန်တော်တို့ခရိုင်မှာ ခုံဖွဲ့ မယ်ဆိုတော့ ဥက္ကဋ္ဌကတော့ နေ ပြည်တော် ဗဟိုကလာမှာပေါ့။ အဲဒီမှာ အဖွဲ့ဝင်နှစ်ယောက်နေရာ မှာ ဥပဒေပညာရှင်နှစ်ဦးရဲ့ အမည်စာရင်းပေးလိုက်တယ်’’ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲရလဒ်များကိုသက်ဆိုင်ရာ တိုင်းဒေသကြီး၊ပြည်နယ်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲက ကြေညာပြီး ၄၅ ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်းလုပ်ငန်းစဉ် လက်စွဲစာအုပ်၌ ဖော်ပြထားသည်။

ကန့်ကွက်လွှာဆိုသည်မှာ ရွေးကောက်ခံရသော လွှတ်တော် ကိုယ်စားလှယ်လောင်းသည် တရားသဖြင့် မှန်ကန်စွာရွေးကောက်ခံရခြင်းမဟုတ်ကြောင်း စာဖြင့်ရေးသားစွဲဆိုချက်ဖြစ်ပြီး ကန့်ကွက်လိုသူသည် ကန့်ကွက်လွှာတင်ကြေးအမှုစရိတ် ကျပ်ငါးသိန်းပေးသွင်းရကာ ယင်းငွေကိုပြန်လည်ပေးမည်မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

ယခုလ ၂၃ ရက်က နေပြည် တော်ရှိ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံးတွင် ရွေးကောက် ပွဲခုံအဖွဲ့အတွက် ကြိုတင်ပြင်ဆင် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

Source: 

7 Day Daily