အစိုးရအဖွဲ့စာရင်း မတ်လ ၁၇ ရက်တွင် တင်သွင်းမည်

လာမည့်အစိုးရအဖွဲ့သစ်တွင် ပါ၀င်ဖွဲ့စည်းမည့် ၀န်ကြီးဌာန အရေအတွက်နှင့်၀န်ကြီး ဦးရေစာရင်းကို မတ်လ ၁၇ ရက် တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါရက်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ သမ္မတဖြစ်ရွေးချယ်တင်မြောက်ခံရသူ ဦးထင်ကျော်က ၎င်းဖွဲ့စည်းမည့် အစိုးရအဖွဲ့အတွင်း ပါ၀င်မည့် ၀န်ကြီးဌာနအရေအတွက်၊ ခန့် အပ်မည့်၀န်ကြီးဦးရေစာရင်းတို့ ကို လွှတ်တော်သို့ လာရောက်တင် သွင်းမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဉ်လျာထားချက်တွင် ဖော်ပြထားသည်။

‘‘ဒါက ၀န်ကြီးဦးရေနဲ့၀န်ကြီး ဌာနအရေအတွက်ကိုပဲ လာတင်ဦးမှာ။ ၀န်ကြီးအမည်စာရင်းတင်မှာမဟုတ်သေးဘူး။ ၀န်ကြီးအမည်စာရင်းတွေက နောက်တစ် ပတ်လောက်မှ ဖြစ်မယ်ထင်တယ်။ ဌာနအရေအတွက်နဲ့ ဦးရေစာရင်းကိုလာတင်၊ တင်တဲ့အခါကျရင် ဆွေးနွေးချင်တဲ့လွှတ် တော်ကိုယ်စားလှယ်ရှိရင် သော ကြာနေ့မှာဆွေးနွေးပေါ့။ မရှိရင် လည်းဆွေးနွေးစရာမလိုဘဲ တစ် ခါတည်းအတည်ပြုမှာပေါ့’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲရလဒ် အရ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဦးသိန်းစိန်ဦးဆောင် သော အစိုးရအဖွဲ့ ဖွဲ့စည်းရေးထိုစဉ်က သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည့် ဦးသိန်းစိန်က အစိုးရအဖွဲ့အတွင်း ပါ၀င်မည့် ၀န်ကြီးဌာနအရေအတွက်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ရာ ထိုစဉ်က အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ကိုယ်စားပြုခဲ့သူ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြတ်ဉာဏစိုးက ၀န်ကြီးဌာနများ များပြားသဖြင့် အရေအတွက် လျော့ချရန် တင်ပြခဲ့ဖူးသည်။

ယခု နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရသူ ဦးထင်ကျော်ဦးဆောင်သည့် အစိုးရအဖွဲ့တွင် လက်ရှိရှိနေသည့် ၀န်ကြီးဌာန ၃၀ ကျော်အစား ၀န်ကြီးဌာန ၂၀ ကျော်သာ ထားရှိမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့၀င် ဦး၀င်းထိန်က ပြောကြားထားသည်။

ထိုကဲ့သို့ ၀န်ကြီးဌာနအရေ အတွက်များကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးပါက အစိုးရအဖွဲ့အတွင်း ပါ၀င်မည့် ၀န်ကြီးအမည်စာရင်းများ၊ ဗဟို အဖွဲ့အစည်းအကြီးအကဲများနှင့် ဗဟိုအဖွဲ့အစည်းများတွင် ပါ၀င်မည့်သူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ်အမည်စာရင်း များကို လွှတ်တော်က ဆက်တိုက် အတည်ပြုကာ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများ ကျမ်းသစ္စာကျိန်ဆို မည့်နေ့တွင် ၎ပုဂ္ဂိုလ်များကို တရား၀င်ခန့်အပ်အတည်ပြုသွား ရမည်ဖြစ်ကြောင်း အခြေခံဥပဒေ၊အစိုးရအဖွဲ့နှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေများတွင်ဖော်ပြထားသည်။

Source: 

7 Day Daily