အူအတက်ရောင်သောကြောင့် နေပြည်တော်ခုတင် တစ်ထောင်ဆေးရုံတွင် အရေးပေါ်ခွဲစိတ်ကုသခံယူခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကျွန်းစုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ပြုလုပ်မည့် နိုင်ငံတော်သမ္မတ ရွေးချယ်ပွဲသို့ ၀ှီးချဲဖြင့်သွားရောက်ကာ မဲပေးမည်ဖြစ်သည်။
‘‘ကျွန်မအရေးပေါ်ခွဲစိတ်မှု ခံယူထားတာ ရက်ပိုင်းပဲရှိသေးတယ်။ အခုတော့ ခွဲစိတ်မှုလည်း ကောင်းတယ်။ ချုပ်ရိုးလည်း ကျက်နေပြီ။ ဆရာ၀န်ဆီကခွင့်ပြုချက်ရလို့ဆေးရုံကဆင်းလာပြီး မနက်ဖြန် လွှတ်တော်ကိုကားနဲ့သွားပြီး လွှတ်တော်ရောက်ရင်တော့ ၀ှီးချဲနဲ့ပဲ သွားလာရမှာ။ မဲကတော့ ရအောင်သွားပေးမယ်’’ ဟု ဒေါ်တင်တင်ရီက ပြောသည်။ အူအတက်ရောင်သဖြင့် ဒေါ်တင်တင်ရီသည် မတ်လ ၁၁ ရက်တွင် နေပြည်တော် ခုတင်တစ်ထောင်ဆေးရုံသို့ တက်ရောက်ကာ ယင်းနေ့ညပိုင်း၌ အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ပြီး မတ်လ ၁၄ ရက်ညက ဆေးရုံမှ ဆင်းလာပြီဖြစ်သည်။
‘‘နှစ်ပေါင်း ၂၈ နှစ်လောက် နိုင်ငံရေးလုပ်ခဲ့တယ်။ ဒီလိုအရပ်သားအစိုးရစစ်စစ်ခေါင်းဆောင်ကို ရွေးချယ်မယ့်နေ့ကိုတော့ ကျွန်မမလွဲချင်ပါဘူး။ အဲဒီတော့ မဲပေးကိုပေးမယ်လို့ စိတ်ကအရင်ကတည်းကရှိတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။