ပထမအကြိမ် မွန် ပြည်နယ်လွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာ ၉ ရက်တွင် ပြန်လည် စတင်မည်ဟု မွန်ပြည်နယ် လွှတ် တော်ရုံးမှ သတင်းရရှိသည်။
အဆိုပါအစည်းအဝေးတွင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ရန်ပုံငွေ ဥပဒေများ၊ ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်အကောင်အထည်ဖော်မည့် စီမံကိန်းများနှင့် ဘတ်ဂျက်များကို အဓိက ဆွေးနွေးမည်ဖြစ်သည်။
‘‘အခု ပြန်လုပ်မယ့် လွှတ် တော်အစည်းအဝေးက နောက်ဆုံး အကြိမ်ဖြစ်ရင်ဖြစ်မယ်။မသိသေး ဘူး။ အရင် လွှတ်တော်တုန်းက ရေးဆွဲထားပြီးတဲ့ စည်ပင်သာ ယာဥပဒေတစ်ခုကို ထပ်ဆွေးနွေး ဖို့ရှိတယ်။ မေးခွန်းတွေ၊အဆိုတွေ လာမှာပေါ့’’ဟု မွန်ပြည်နယ်လွှတ် တော် ဥက္ကဋ္ဌ ဦးကြင်ဖေကပြော သည်။
ပထမအကြိမ် လွှတ်တော် သည် ၂၀၁၆ ဇန်နဝါရီ ၃၁ ရက် တွင် ပြီးဆုံးမည်ဖြစ်ပြီးလွှတ်တော် ငါးနှစ်ကာလအတွင်း ကိုယ်စား လှယ်လောင်းများ မေးမြန်းထား သည့်အဆို အောင်မြင်မှု၊ အား နည်းမှုနှင့် စိန်ခေါ်မှုများကို ယခု လွှတ်တော်အစည်းအဝေးတွင် မှတ်တမ်းတင်မည်ဟု သိရသည်။
‘‘ငါးနှစ်တာမှာ အစိုးရအဖွဲ့ အနေနဲ့ ဆောင်ရွက်ခဲ့တာတွေ၊ လွှတ်တော်က အတည်ပြုပြီးတဲ့ ဥပဒေတွေ၊ အဆိုတွေ၊ ဆုံးဖြတ် ချက်တွေ၊ မေးခွန်းတွေကို သူတို့ က ဘယ်လောက်ထိ ဆောင်ရွက် ပြီးပြီလဲဆိုတာ သုံးသပ်ချက်ရှိ တယ်။ အဲဒီဟာကို ကျွန်တော် ဒီ လွှတ်တော်အစည်းအဝေးမှာ အစီရင်ခံစာလုပ်ဖို့ရှိတယ်’’ ဟု မွန် ပြည်နယ် လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါက်တာအောင် နိုင်ဦးကပြောသည်။
မွန်ပြည်နယ် လွှတ်တော် တွင် ပြည်နယ် လွှတ်တော်ကိုယ် စားလှယ် ၂၀ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး သုံးဦး စုစုပေါင်း ၃၁ ဦးရှိသည်။
ပထမအကြိမ် မွန်ပြည်နယ် လွှတ်တော်အတွင်း ပြဋ္ဌာန်းပိုင်ခွင့် ရှိသည့်ဥပဒေ ၃၄ ခုကို အတည် ပြုပြဋ္ဌာန်းနိုင်ခဲ့ကြောင်း မွန်ပြည် နယ်လွှတ်တော်က အတည်ပြု ပြ ဋ္ဌာန်းခဲ့သော ဥပဒေစာရင်းများ အရ သိရသည်။