ကျွန်ုပ် မည်ကဲ့သို့ ဆန္ဒမဲပေးရမည်နည်း?

မဲဆန္ဒရှင်စာရင်း ပြသခြင်း

ဆန္ဒမဲမပေးမီ မဲပေးပိုင်ခွင့်ရှိသူစာရင်းတွင် သင်၏ အကြောင်းအရာ အသေးစိတ်အား သင်ကိုယ်တိုင် စစ်ဆေးရန် မရှိမဖြစ်လိုအပ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ရွေးကောက်ပွဲကျင်းပမည့်အချိန်အထိ ကာလအတော်ကြာအောင် လူသိရှင်ကြားကြေညာပေးပါသည်။ ဤအချိန်အတောအတွင်း ဆန္ဒမဲပေးမည့်သူများမှ မဲပေးရမည့်သူစာရင်းစစ်ဆေးခြင်း၊ အမှားပြင်ဆင်ခြင်း၊ ပထမဆုံးမဲပေးရမည့် မဲဆန္ဒရှင်များမှ ၎င်းတို့ကိုယ်တိုင် မဲစာရင်း၌ မှတ်ပုံတင်ခြင်း တို့ကို ပြုလုပ်နိုင်သည်။ နှစ်ပေါင်းများစွာကြာ ပြုပြင်ပြောင်းလဲလာခဲ့သည့် အခြေအနေအရ  ရွေးကောက်ပွဲများကြားထဲတွင် မဲစာရင်းများ ရက်ကျော်သွားရခြင်းနှင့် အမှားအယွင်းဖြစ်ပေါ်ခြင်းတို့သည် ပုံမှန်အခြေအနေတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် ကြေညာသည့်အချိန်အတောအတွင်းတွင် မဲဆန္ဒပေးရမည့်သူစာရင်းစစ်ဆေးခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းကို အလေးထားပြီး ပြုလုပ်ရန်လိုအပ်သည်။ အကယ်၍ သင်သာ မဲစာရင်းတွင် စာရင်းမှန်မမှန် မစစ်ဆေးပါက သင့်အနေဖြင့် ဆန္ဒမဲ ပေးနိုင်မည်မဟုတ်ပါ။

ရွေးကောက်ပွဲကျင်းပသည့်နေ့

ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ပေးထားသော မဲရုံများ၌ ကျင်းပပြုလုပ်သည်။ မဲရုံများအား ပုံမှန်အားဖြင့် မြို့အလယ်ကျသောနေရာ၊ အလွယ်တကူ မဲသွားပေးနိုင်မည့် ပြည်သူပိုင်အဆောက်အအုံများဖြစ်သော ကျောင်း၊ ပြည်သူပိုင်အဆောက်အအုံနေရာများတွင် တည်ရှိထားလေ့ရှိသည်။ မသန်စွမ်းသူများ အလွယ်တကူမဲပေးနိုင်ရန်အတွက် လက်ရှိ မဲရုံလမ်းညွန်ချက်တွင် ထပ်မံဖြည့်စွက် လမ်းညွန်ထားပါသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်အတွင်းတွင် မဲရုံများထားရှိမည့်နေရာနှင့် ဖွင့်မည့်အချိန်များကိုပါ ကြေညာပေးပါလိမ့်မည်။ မဲရုံများဖွင့်ချိန်သည် အချိန်အကန့်အသတ်ရှိသောကြောင့် သင်၏ ဆန္ဒမဲအား အချိန်မီ သွားပေးရမည်ဖြစ်ပါသည်။

အဆိုပါမဲရုံမှာ သင့်အား ကိုယ်စားပြုမည့် နေရာတစ်ခုစီအတွက် မဲစာရွက်တစ်ရွက်ပေးအပ်ပါလိမ့်မည်။ ဥပမာ ၂၀၂၀ ပုံမှန်ရွေးကောက်ပွဲတွင် အမျိုးသားလွတ်တော်၊ ပြည်သူ့လွတ်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွတ်တော်များအတွက် မဲပေးရန် မဲစာရွက် သုံးရွက်ရရှိမည်ဖြစ်ပါသည်။ မဲစာရွက်တွင် မိမိနှစ်သက်သော ကိုယ်စားလှယ်လောင်း၏ အမည်ဘေးတွင် အမှန်ခြစ်ပြီး ဆန္ဒမဲပေးနိုင်မည်။ မဲစာရွက်သည် တိကျရှင်းလင်းမှုမရှိပါက မမှန်ကန်သည့် မဲအဖြစ်ယူဆဖြစ်သည်။ ထိုယူဆချက်တွင် မဲစာရွက်သည် ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပိုပြီး ဘေးတွင်အမှန်ခြစ်ထားခြင်း သို့မဟုတ် မည်သည့် ကိုယ်စားလှယ်လောင်းကိုမျှ အမှန်မခြစ်ထားခြင်း စသည်တို့လည်း ပါဝင်သည်။

ကြိုတင်ဆန္ဒမဲပေးခြင်း

ရွေးကောက်ပွဲဥပဒေ အပိုဒ် ၄၅ ပါအချက်အရ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံတစ်ခုသို့ မဲလာရောက်မပေးနိုင်သော မဲဆန္ဒရှင်များသည် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသည်။  ရွေးကောက်ပွဲနေ့တွင် အလုပ်သွားရောက်လုပ်ကိုင်နေသည် သို့မဟုတ် မှတ်ပုံတင်ထားသော မဲဆန္ဒနယ်တွင် ရှိမနေသော ဆန္ဒမဲပေးရမည့်သူများနှင့် သက်ဆိုင်သည်။ နည်းဥပဒေတွင် ကြိုတင်ဆန္ဒမဲပေးခြင်းအား မဲဆန္ဒနယ်အတွင်းနှင့် မဲဆန္ဒအပြင်ဘက်သို့ရောက်ရှိနေသူများဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြားဖော်ပြထားသည် - 

အောက်ပါအချက်များနှင့် ကိုက်ညီမှုရှိသော မဲဆန္ဒရှင်များသည် မဲဆန္ဒနယ်အတွင်းရှိနေသော ကြိုတင်မဲပေးနိုင်သူများဖြစ်သည် - 

  • အသက်အရွယ်ကြီးရင့်နေခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သားဖွားနေခြင်း
  • ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရခြင်း သို့မဟုတ်
  • တပ်မတော်သား၊ နိုင်ငံ့ဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်များ

အကယ်၍ မဲဆန္ဒရှင်များသည် သူတို့၏ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက် ဆန္ဒမဲမပေးနိုင်ပါက ကြိုတင် ဆန္ဒမဲတာဝန်ခံအဖွဲ့ခွဲမှ မဲဆန္ဒရှင်များအိမ်သို့ လာရောက် ဆန္ဒမဲပေးနိုင်မည်ဖြစ်သည်။ 

မဲဆန္ဒနယ်အတွင်းကြိုတင်မဲပေးခြင်းနှင့် မဲရုံအတွင်းတွင် ဆန္ဒမဲပေးခြင်းသည် လုပ်ငန်းစဉ်အတူတူဘဲဖြစ်သည်။ မဲရုံတစ်ခုချင်းစီ၌ ကြိုတင်မဲပုံးတွင် ရွေးကောက်ပွဲအတွက် မဲများကို  ထည့်ရမည်။ ရွေးကောက်ပွဲနေ့တွင် ကြိုတင်ဆန္ဒမဲပုံးများကို သက်ဆိုင်ရာ မဲရုံသို့ နံနက် ၆ နာရီမထိုးမီ ပို့ဆောင်ပေးပြီး မဲရုံပိတ်ပြီးသည့်အခါ မဲများကို ၎င်းမဲရုံတွင် ရေတွက်ရမည်ဖြစ်ပါသည်။ 

မဲဆန္ဒနယ်ပြင်ပသို့ရောက်ရှိနေသော မဲဆန္ဒရှင်များ မဲပေးနိုင်ရန်အတွက် တစ်ဦးချင်းအလိုက် စာရင်းပေးနိုင်သူများ -

  • ကာကွယ်ရေးတာဝန်ထမ်းဆောင်နေရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ -
  • ကျောင်းသား၊သူများ
  • ထိန်းသိမ်းခံထားရသူများ သို့မဟုတ်
  • ဆေးရုံသို့တက်ရောက်ဆေးဝါးကုသခံနေရသည့် အတွင်းလူနာများ

မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲရန်အတွက် ဆန္ဒမဲပေးရန်အရည်အချင်းပြည့်မီသူများသည် ကြိုတင်ဆန္ဒမဲပေးရန် တောင်းဆိုနိုင်သည်။ မြို့နယ်ကော်မရှင်ခွဲမှ သက်ဆိုင်ရာ အဖွဲ့အစည်းသို့မဟုတ် စစ်တပ်သို့ ကြိုတင်မဲစာရွက်များနှင့် စာအိတ်များ ပို့ပေးလိမ့်မည်။ တပ်မတော်အကြီးအကဲများနှင့် ဌါနဆိုင်ရာအကြီးအကဲများမှ ကြိုတင်မဲများပါဝင်သော စာအုပ်များကို လက်ခံပေးပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် မဲရုံနံပါတ်များ စစ်ဆေးကာ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ခွဲများဆီသို့ စာအိတ်များကို ပြန်လည်ပို့ပေးမည်ဖြစ်သည်။ မဲရုံများ ပိတ်သိမ်းပြီးသည့်အချိန်တွင် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲများကို ရေတွက်မည်။