ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ တာဝန်နှင့် အခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ တာဝန်နှင့် အခွင့်အရေးများ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီ တွင် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မရှင်အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း (၁၁)ဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိ သူများ၊ International IDEA နှင့် Democracy Reporting International မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် နိုင်ငံ၏ အောင်မြင်သော လွတ်လပ် မျှတသော သမိုင်းဝင် ရွေးကောက်ပွဲတစ်ခု ဖြစ်ခဲ့ပါကြောင်း၊ သမိုင်းဝင်ရွေးကောက်ပွဲဖြစ်စေသည့် အကြောင်းရင်းများ ထဲမှ ထူးခြားသည့် တစ်ချက်မှာ ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ သူများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်ဖိတ်ကြားခဲ့ပြီး မဲရုံထဲအထိ ဝင်ရောက် စောင့်ကြည့်လေ့လာမှုများကို ခွင့်ပြုခဲ့ပါကြောင်း၊ စောင့်ကြည့်လေ့လာသူ များသည် ရွေးကောက်ပွဲ၏ ပွင့်လင်းမြင်သာရှိမှုကို အကောင်းဆုံးဖော်ညွန်းပေးနိုင်သူများ ဖြစ်ပြီး စောင့်ကြည့်လေ့လာမှုသည်လည်း ရွေးကောက်ပွဲ၏ အရည်အသွေးကို မြှင့်တင်ပေးသည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုကြောင့် ရွေးကောက်ပွဲ၏ ပွင့်လင်းမြင်သာမှုကို တိုးမြှင့်ပေးနိုင်ခြင်း၊ ရွေးကောက်ပွဲရလဒ်ကို အများပြည်သူလက်ခံမှု ပိုမိုမြင့်တက်လာ စေခြင်း၊ မဲဆွယ်စည်းရုံးမှုနှင့် ကိုယ်စားလှယ်လောင်းများ၏ ငွေကြေးသုံးစွဲမှုကို ပိုမိုထိရောက်စွာ စောင့်ကြည့်နိုင်ခြင်း၊ နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးများကို ပိုမို စောင့်ရှောက်နိုင်ခြင်း၊ ရွေးကောက်ခံ အစိုးရတစ်ရပ်၏ တရားဝင်ဖြစ်တည်မှုကို ပိုမိုခိုင်မာ စေခြင်းတို့အား ရရှိစေနိုင်ပါကြောင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းသည် ရွေးကောက်ပွဲ နေ့ တစ်ရက်တည်းသာ မဟုတ်ဘဲ ရွေးကောက်ပွဲမကျင်းပမီ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့၊ အနိုင်အရှုံး ရလာဒ် ကြေညာပြီးသည်အထိ ရွေးကောက်ပွဲစက်ဝန်းတစ်ခုလုံးကို စောင့်ကြည့် လေ့လာခြင်းလည်း ဖြစ်ကြောင်း၊ စောင့်ကြည့်လေ့လာသည့့် အဖွဲ့အစည်းများ၏ အပြီးသတ် အစီရင်ခံစာများကို ရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်တင်ပြရပြီး ရွေးကောက်ပွဲလုပ်ငန်း အားလုံး၏ အားသာချက် အားနည်းချက်များကို ပိုမိုကောင်းမွန်စွာ သိရှိနိုင်ကာ သုံးသပ်မှု ပြင်ဆင်မှုများကိုလည်း ပြုလုပ်နိုင်ပါကြောင်း၊ အစီရင်ခံစာများမှ တွေ့ရှိရသည့် အားနည်းချက် အားသာချက်များကို ရွေးကောက်ပွဲလုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်မှုများ ပြုလုပ်သည့်အခါ အလေးထား စဉ်းစားမှာဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများနှင့်ပတ်သက်ပြီး ဥပဒေမူဘောင်တွင် ပြဋ္ဌာန်းထားရှိရေးနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွင်း ရရှိခဲ့သည့် စောင့်ကြည့်လေ့လာသူများ၏ အတွေ့ အကြုံများအရ အနာဂတ်ကာလ ရွေးကောက်ပွဲများကို ပိုမိုတိုးတက်ကောင်းမွန်အောင် မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်သည်များအား အဓိကဦးတည် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ ၁၁၄၄၅ ဦးနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ၁၁၅၃ဦး ကို တရား၀င်အသိအမှတ်ပြုပေးခဲ့ကြောင်း၊ လက်တွေ့သဘောအရ စောင့်ကြည့်လေ့လာသူများ ပါက ပွင့်လင်းမြင်သာမှုပိုမိုရှိမှာဖြစ်ပြီး နောင်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို ပိုမို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ယင်းနောက် မြန်မာနိုင်ငံရှိ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုများအပေါ် သုံးသပ်ချက်ကို International IDEA မှ Mr. Gregory Kehailia ကလည်းကောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ တာဝန်နှင့် အခွင့်အရေးများ (နှိုင်းယှဉ်ရဥပမာများအား တင်ပြခြင်း) ကို DRI မှ Ms. Eva Gil ကလည်းကောင်း ရှင်းလင်း တင်ပြပါသည်။

၎င်းနောက် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်များ၊ တရားဝင်အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တင်ပြခဲ့ကြသည်။ ဆက်လက်ပြီး ရွေးကောက်ပွဲဆိုင်ရာဥပဒေ ရေးရာမူဘောင်ပြင်ဆင်ခြင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်းနှင့်စပ်လျဉ်း၍ စောင့်ကြည့်လေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်များ၊ တရားဝင်အသိအမှတ်ပြုခြင်းလုပ်ငန်းစဉ်၊ မဲရုံတွင်းနှင့် မဲရုံပြင်ပ အတွေ့အကြုံများ၊ ဥပဒေ ရေးရာမူဘောင်အား ပြန်လည်သုံးသပ်၍ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းအား ထည့်သွင်း ဖော်ပြနိုင်မည့် နည်းလမ်းများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအစီရင်ခံစာ ထုတ်ပြန် ရမည့် အချိန်ကာလနှင့် ၎င်းအစီရင်ခံစာများအား အသုံးပြုခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ များအား စောင့်ကြည့်လေ့လာရာတွင် ဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းစဉ်များ၊ အခြားဆောင်ရွက် နိုင်သည့် အဆင့်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများမှ သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။

Source: 

UEC