တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့သစ်ဖွဲ့စည်းခြင်းများကို မတ်လ ၃၁ ရက် ပြီးစီးအောင် ဖွဲ့စည်းနိုင်ဖွယ်မရှိဘဲ ရက်အနည်းငယ်နောက်ကျနိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ ‘‘ကျွန်တော်တို့နည်းနည်းလေးတော့ နောက်ကျမယ် ထင်တယ်’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတ ကျမ်သစ္စာ ကျိန်ဆိုရခြင်း မရှိသေးသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်များအနေဖြင့်လည်း ကျမ်းကျိန်ရန် လိုအပ်နေသေးသည့်အတွက် ထိုသို့ သမ္မတနှင့် ဝန်ကြီးချုပ်များ ကျမ်ကြိမ်ပြီးမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းမည် ဖြစ်ရာ ဧပြီလဆန်းပိုင်းအထိ ရောက်ရှိသွားနိုင်ဖွယ် ရှိသည်ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
‘‘ဘာကြောင့် နောက်ကျတာ လဲဆိုတော့ ပြောရရင် ကျွန်တော်တို့က ဒီဟာတွေက ရုံးအမိန့်စာနဲ့ ထုတ်ရတဲ့ အခါကျတော့ ဦးထင်ကျော်က သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခြင်းခံထားရသူသာ ဖြစ်တယ်။ ဆိုတဲ့အခါကျတော့ သမ္မတမဖြစ်သေးပါဘူး။ ကျမ်းကျိန်ပြီးမှ သမ္မတဖြစ်မယ်။ အမိန့်ကြော်ငြာစာက သမ္မတရုံးက ထုတ်ရမှာဖြစ်တယ်။ အရင်တုန်းကတော့ သူတို့အချင်းချင်းကျတော့ သိရလသလောက် ဆိုရင်တော့ ဘာဖြစ်သလဲဆိုတော့ ဦးသိန်းစိန် နိုင်ငံတော်သမ္မတဆို ပြီးတော့ ဖေဖော်ဝါရီကတည်းက သုံးထား တာတွေ့ရတယ်။ ကျမ်မကျိန်ခင်ကတည်းက။ အဲဒီတော့ ရုံးအမိန့်စာတွေ တန်းထွက်လို့ရတယ်။ ကျွန်တော်တို့ကျတော့ တန်းထွက်လို့ မရတာ တွေရှိတယ်။ ကျွန်တော်တို့က အဲဒီလို လည်းမလုပ် ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဦးထင်ကျော် သမ္မတ အဖြစ် ကျမ်းကျိန်ပြီးလို့ သမ္မတရုံးက အမိန့်၊ အမိန့်စာတွေ၊ စာအမှတ်တွေနဲ့ထွက်မှသာ ကျွန်တော်တို့က တိုင်းပြည်ကို ကြေညာလို့ရမှာ။ အဲဒါကြောင့်မို့ ကျွန်တော်တို့ နည်းနည်းလေး နှောင့်နှေးတာပေါ့။ တစ်ခုချင်း သွားနေရလို့’’ ဟု ဒေါက်တာဇော် မြင့်မောင်က ပြောသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့သစ် များအ နေဖြင့် ဧပြီလ ၁ ရက်တွင် အစိုးရ တာဝန်စတင်ထမ်းဆောင်ရမည်ဖြစ်ရာ မတ်လ ၃၁ ရက်အပြီး ဖွဲ့စည်းရန် လိုအပ်နေသည်။ သို့သော် အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင် ခြင်းမရှိလျှင်လည်း ဝန်ကြီးချုပ်များ အတည်ပြုခန့်အပ်ပြီးဖြစ်မည်ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်အား ဝန်ကြီးချုပ် (သို့မဟုတ်) ကော်မတီ တစ်ခုခုဖွဲ့စည်းကာ လက်ခံထား ဖွယ်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးအောင်ကျော်ဦးက ပြောသည်။
‘‘မတ်လ ၃၁ ရက် ပြီးအောင် ကြိုးစားမယ်။မပြီးလည်း တစ်ရက်၊ နှစ်ရက် နောက်ကျတာတော့ ဖြစ်နိုင်တယ်။ ကြားထဲမှာ လွဲဖို့အတွက်ကို ပြည်ထောင်စုလိုပေါ့။ ကြားထဲမှာ လက်ခံမယ့်ဟာလေး တစ်ခုခု ဖွဲ့ရင်ဖွဲ့လိမ့်မယ်။ အဲဒီ လိုဖွဲ့ပြီးလက်ခံမှပေါ့’’ဟု ဦးအောင်ကျော်ဦးက ပြောသည်။ လက်ရှိအချိန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ မည်သည့်နေ့တွင် အပြီးသတ် ဖွဲ့စည်းမည်ကို မသိရသေးဘဲ အစိုးရအဖွဲ့သစ် ဖွဲ့စည်းခြင်း ဧပြီလဆန်းပိုင်းအထိ ရောက်ရှိနိုင်သည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် အဆိုပြုထားခံရသူ ဒေါက်တာဇော် မြင့်မောင်က ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအတွက် ဝန်ကြီးချုပ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ကိုသာ ခန့်အပ်ခဲ့သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးနေရာများတွင်မူ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သည့် ပြင်ပမှတတ်သိပညာရှင်များပါဝင် ဖွဲ့စည်းဖွယ်ရှိသည်ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကို လက်ရှိဖွဲ့စည်းထားသည့် ဝန်ကြီးဌာနကိုးခုမှ အရေအတွက်လျော့ချမည်ဟု ဒီချုပ်ပါတီမှ သတင်းရရှိသည်။