အစိုးရအဖွဲ့သစ်ခေါင်းဆောင် နိုင်ငံတော်သမ္မတရွေးချယ်တင်မြောက်ပွဲကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်၌ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၁၀ နာရီတွင် ပြုလုပ်မည်ဟု သတင်းရရှိသည်။
နိုင်ငံတော် သမ္မတအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြောက်ထားသော ဒုသမ္မတနှစ်ဦးနှင့် တပ်မတော်က တင်မြောက်ထားသည့် ဒုသမ္မတတစ်ဦး စုစု ပေါင်း သုံးဦးတို့ကို ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရွေး ချယ်မည်ဖြစ်ကာ မဲအများဆုံးရသူက နိုင်ငံတော်သမ္မတဖြစ်လာမည် ဖြစ်သည်။
မတ်လ ၁၅ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ၌ နိုင်ငံတော်သမ္မတရွေးချယ်တင်မြောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ လွှတ်တော်အတွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်သားရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များက ဒုသမ္မတသုံးဦးအနက် တစ်ဦးကို မဲပေးရွေးချယ်ရမည် ဖြစ်သည်။
‘‘မဲပေးတဲ့အခါ မဲလက်မှတ် အသုံးပြုပြီး လျှို့၀ှက်မဲပေးရမယ့်။ကျွန်တော်တို့ကတော့ ဦးထင်ကျော်ကိုပဲ မဲပေးမယ်’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
ဒုသမ္မတသုံးဦးတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တင် မြောက်ထားသော ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်က တင်မြောက်ထားသော ဦးမြင့်ဆွေတို့ ဖြစ်ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ဦးထင်ကျော်အား နိုင်ငံတော်သမ္မတဖြစ်စေရေး မဲပုံပေးရန် ပါတီ၀င်လွှတ်တော်ကိုယ်စားလှယ်များကို ပါတီခေါင်းဆောင်ပိုင်းများက မှာကြားထားကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ သိရသည်။
‘‘ဦးထင်ကျော်ကို မဲပုံပေးပြီး သမ္မတဖြစ်အောင်လုပ်ဖို့ ပါတီ ခေါင်းဆောင်ပိုင်းတွေက မှာထာတယ်။ နောက်ဦးဟင်နရီဗန်ထီးယူ ကတော့ ဒုသမ္မတပေါ့’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်နှင့် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦးရှိရာ နိုင်ငံရေး ပါတီ ၁၃ ခုမှ လွှတ်တော်ကိုယ် စားလှယ်များနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးရှိသည်။
ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ် ၄၉၁ ဦးတွင် ဒီချုပ် မှ ၃၉၀ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၄၁ ဦးနှင့်တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်နှင့် အခြားသောပါတီ များမှ ၆၀ ဦးရှိနေသည်။
လက်ရှိအနေအထားအရ ဦးထင်ကျော်သည် နိုင်ငံတော် သမ္မတဖြစ်လာမည်ဖြစ်ကာ ဦးမြင့်ဆွေက ဒုသမ္မတ (၁)နှင့် ဦးဟင် နရီဗန်ထီးယူက ဒုသမ္မတ (၂) ဖြစ်လာမည်ဟု လွှတ်တော်ကိုယ် စားလှယ်များက သုံးသပ်ကြသည်။
ဒုသမ္မတသုံးဦးကို နိုင်ငံတော်သမ္မတအရည်အချင်းနှင့် ညီညွတ် မှုရှိ၊ မရှိ နိုင်ငံတော်သမ္မတအရည်အချင်းနှင့် ပြည့်စုံမှုရှိ၊ မရှိစိစစ်ရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ယင်းအဖွဲ့တွင်ပါ၀င်သူ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြောက်ထားသော ဒုသမ္မတနှစ်ဦးကို မထောက်ခံခဲ့ပေ။
သို့သော် နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှုရှိ၊ မရှိ စိစစ်ရေးအဖွဲ့တွင် အဖွဲ့၀င် ခုနစ် ဦးရှိရာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ် တော်ဥက္ကဌနှင့် ဒုဥက္ကဌများ၊ ယင်း လွှတ်တော်နှစ်ရပ်မှ မဲဖြင့်တင် မြောက်ထားသော ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့၀င်)နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တို့ ပါ၀င်နေ၍ အခြားသော အဖွဲ့၀င် ခြောက်ဦးက ဦးထင်ကျော်နှင့် ဦးဟင်နရီဗန်ထီးယူတို့ကို သမ္မတအရည်အချင်းနှင့် ပြည့်စုံကြောင်း ထောက်ခံခဲ့ကြသည်။ ထို့ပြင် လက်ရှိ ရန်ကုန်တိုင်း၀န်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးမြင့်ဆွေကိုလည်း ယင်းအဖွဲ့က သမ္မတအရည်အချင်းနှင့် ပြည့်စုံကြောင်း ထောက်ခံခဲ့သည်။
လွှတ်တော်တွင် နိုင်ငံတော် သမ္မတကို ရွေးချယ်ပြီးပါက ယင်း သမ္မတသစ်က အစိုးရအဖွဲ့သစ်၌ ပါ၀င်သော ၀န်ကြီးများစာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြကာ လွှတ်တော်၏ အတည်ပြုချက်ရယူမည် ဖြစ်သည်။
လက်ရှိသမ္မတဦးသိန်းစိန် အစိုးရသည် ယခုလ ၃၀ ရက်တွင် ၎တို့၏ ငါးနှစ်တာ သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်က ယင်းကာလ နောက်ပိုင်းမှစတင်ပြီး နိုင်ငံကို ငါးနှစ်တာ စီမံအုပ်ချုပ်တော့မည်ဖြစ်သည်။