ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဘုရင့်နောင်ရိပ်သာ တွင် ဇန်နဝါရီ ၂၅ ရက်က တွေ့ဆုံနှုတ်ဆက်နေကြစဉ် (ဓာတ်ပုံ − Senior General Min Aung Hlaing’S FB)
လွှတ်တော်သစ် စတင်ရန် ခြောက်ရက်အလိုတွင် ပြုံးပြုံးရွှင်ရွှင်တွေ့ ဆုံခဲ့ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့သည် အစိုးရ ဖွဲ့စည်းရေး၊ အကူးအပြောင်း တည်ငြိမ်ရေး တို့အပါအဝင် အရေးကြီးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်သည်။
မကြာမီ အစိုးရသစ်ဖြစ်တော့မည့် ဒီချုပ်နှင့် တပ်မတော်ကြား ဇန်နဝါရီ ၂၅ ရက် ဆွေးနွေးပွဲသည် နှစ်ဖက်ခေါင်းဆောင် နှစ်ဦး ဒီဇင်ဘာ ၂ ရက်က ပထမဆုံးအကြိမ် သီးသန့်တွေ့ဆုံပြီးနောက် ၅၄ ရက်အကြာ တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
‘‘အစိုးရဖွဲ့စည်းရေးဆိုင်ရာများ၊ ရွေး ကောက်ပွဲအလွန် အပြောင်းအလဲကာလနှင့် တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များ၊ လွှတ် တော်နှင့်ပတ်သက်သောကိစ္စရပ်များ၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထာဝရ ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင် ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့သည်’’ဟု နှစ်ဖက် စလုံးက သတင်းထုတ်ပြန်ခဲ့သည်။နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာတွင် တွေ့ဆုံခဲ့သော ဒုတိယအကြိမ်တွေ့ဆုံမှု၌ ရွေး ကောက်ပွဲအနိုင်ရ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်နှင့် အတူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် များ ဖြစ်ကြသော ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့် မောင်နှင့် ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းတို့ပါဝင်သည်။ တပ်မ တော်မှ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦး စီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ် ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့တက်ရောက်ခဲ့ကြသည်။
နှစ်ဦးတည်းတံခါးပိတ်ဆွေး နွေးခဲ့သော ပထမအကြိမ်နှင့် မ တူဘဲ နှစ်ဖက်တွေ့ဆုံသူများသည် မျက်နှာချင်းဆိုင်ထိုင်ပြီး ပြုံးရွှင် ရယ်မောကာ ဆွေးနွေးခဲ့ကြ ကြောင်း သတင်းမှတ်တမ်းဓာတ် ပုံများတွင် တွေ့ရသည်။
‘‘ဒီချုပ် အာဏာယူပြီးတဲ့ နောက်မှာ လက်ရှိငြိမ်းချမ်းရေး ကိစ္စတွေ၊ လွှတ်တော်မှာ ဥပဒေ ပြုရေးနဲ့ အစိုးရဖွဲ့စည်းရေးတွေ မှာ ဘယ်လိုပူးပေါင်းဆောင်ရွက် ကြမလဲဆိုတာ သဘောတူညီချက် တွေရအောင်ဆွေးနွေးကြတဲ့ သ ဘောပါပဲ’’ဟု နိုင်ငံရေးဆောင်း ပါးများရေးသားသူ ဒေါက်တာရန် မျိုးသိမ်းက သုံးသပ်သည်။
တွေ့ဆုံမှုတွင် ဒေါ်အောင် ဆန်းစုကြည်နှင့်အတူ တက်ရောက်ခဲ့သူများ၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အမည်စာရင်း လျာထားကြောင်း သတင်းထွက်နေသူ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေသူ ဒေါက်တာ ဇော်မြင့်မောင်၊သမ္မတ တင်မြှောက်ခြင်းခံရမည်ဟု သတင်းများထွက်ပေါ်နေသော ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်းတို့ ပါဝင်ခဲ့သည်။
တွေ့ဆုံပွဲတွင် ဒေါက်တာတင်မျိုးဝင်း ပါဝင်ခဲ့မှုနှင့်ပတ်သက်၍ ဒီချုပ်ဗဟိုအလုပ်အမှုဆောင်ဦးဝင်းမြင့်က ‘‘ဒါက နဂိုကတည်းက တပ်ချုပ်နဲ့တွေ့တဲ့အခါမှာထည့်ဖို့ ရွေးထားတဲ့စာရင်းထဲမှာကျွန်တော်တို့နဲ့အတူ ပါပါတယ်။ဒီတွေ့ဆုံမှုအပေါ် ကျွန်တော်တို့ကျေနပ်မှုရှိပါတယ်။ ဘာမှ ထပ်ပြီး ပြောစရာမလိုပါဘူး’’ ဟု ပြောကြားသည်။
‘‘သမ္မတတင်မြှောက်ရေး၊အ စိုးရဖွဲ့စည်းရေးပါကောင်းပါနိုင် တယ်။ အထူးသဖြင့် တပ်ကသိပ်မ ကြည်ဘူးလို့ထင်တဲ့သူကို တင်ရင် အဆင်မပြေနိုင်ဘူး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က လည်း တင်ချင်တဲ့သူကို ထုတ် ပြောပြီးဆွေးနွေးတာမျိုးရှိနိုင်လိမ့် မယ်ထင်တယ်။ အခုက NLD ဘက်ကလည်း ထိန်းထိန်းသိမ်း သိမ်းလုပ်နေတာပါပဲ’’ ဟု နိုင်ငံရေးဆောင်းပါးရှင် ဦးကျော်ဝင်းက သုံးသပ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉(စ)အရ သမ္မတ ဖြစ်ခွင့်မရှိသော ဒေါ်အောင်ဆန်း စုကြည်က ပါတီ၏မူဝါဒများနှင့် အညီဆောင်ရွက်မည့် သမ္မတ တစ် ဦးကို တင်မြှောက်မည်ဖြစ်ပြီး ၎င်းအနေဖြင့် သမ္မတအထက်မှ နေ၍ ဆုံးဖြတ်ချက်များ ချမှတ်မည်ဖြစ်ကြောင်း ပြောကြားထား သည်။
‘‘၂၀၀၈ ဖွဲ့စည်းပုံအရ တပ် မတော်ရဲ့ အခန်းကဏ္ဍက မြန်မာ ပြည်နိုင်ငံရေးမှာ ကြီးကြီးမားမား ဦးဆောင်နေတာကြောင့် ဒီချုပ်က တွေ့တာဟာ ဖေဖော်ဝါရီ ၁ ရက် မှာ စတင်ကျင်းပမယ့် လွှတ်တော် ကနေတစ်ဆင့် သမ္မတရွေးချယ် မှာ၊ အစိုးရသစ်ဖွဲ့မှာနဲ့ ပတ်သက် တယ်လို့ယူဆတယ်။ NLD ဘက် က တစ်ယောက်တည်းမဟုတ်ဘဲ တက်တာတွေ့ရတော့ အသေး စိတ်ဆွေးနွေးကြတယ်လို့ ယူဆ တယ်’’ဟု ယခင် ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် ညွန့် ပေါင်းအစိုးရ၏ ကုလသမဂ္ဂရေး ရာတာဝန်ခံဖြစ်ပြီး ငြိမ်းချမ်းရေး နှင့် လူမှုတရားမျှတမှု ဖော်ဆောင် ရေးအဖွဲ့ဒါရိုက်တာဖြစ်သူ ဒေါက် တာသောင်းထွန်းက ပြောကြားသည်။
‘‘သေချာတာတစ်ခုကတော့ ဒီချုပ်အစိုးရ ဒီမှာတွေ့ဆုံဆွေးနွေး သူတွေဟာ အဓိကအခန်းကဏ္ဍ မှာ တာဝန်ရှိသူတွေပဲ’’ဟု (၈၈) မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီက သုံးသပ်သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်မတွေ့ဆုံမီ ဒေါ် အောင်ဆန်းစုကြည်သည် လက် ရှိပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံးခန်းတွင် ယင်းနေ့နံနက် ပိုင်းက တစ်နာရီခန့်ကြာ တွေ့ဆုံ ခဲ့သည်။
ပြည်သူ့လွှတ်တော်နှင့် အ မျိုးသားလွှတ်တော်အစည်းအ ဝေးသစ်များကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည်ဖြစ် သည်။ လက်ရှိသမ္မတဦးသိန်းစိန် အစိုးရသည် မတ်လ ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ် ပြီး လာမည့်ပြည်ထောင်စုလွှတ် တော်သစ်၌ သမ္မတသစ်ရွေးချယ် တင်မြှောက်ပြီးနောက် အစိုးရ သစ်တစ်ရပ် ဖွဲ့စည်းတော့မည်ဖြစ် သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းခန့် အနိုင်ရရှိခဲ့သည့် ဒီချုပ်အနေဖြင့် သမ္မတသစ်ကို ရွေးချယ်နိုင်သည့် လွှတ်တော်နေ ရာအများစု ရရှိထားပြီးဖြစ်သည်။
အသက် (၇၀) အရွယ် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်နှင့် တပ် ချုပ်ကြား ပထမအကြိမ်တွေ့ဆုံ စဉ်က နှစ်ဦးတည်းသာ သီးသန့် တံခါးပိတ်ဆွေးနွေးခဲ့ကြပြီး ယေ ဘုယျ အကြောင်းအရာများသာ ဖော်ပြထားသော ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဤတစ်ကြိမ် တွင်မူ နေပြည်တော် ဘုရင့်နောင် ရိပ်သာသို့ ရောက်ရှိလာသော ဒီချုပ်အဖွဲ့ကို တပ်ချုပ်က ခရီးဦး ကြိုပြုရာတွင် ရယ်မောပြုံးရွှင်နေ ခဲ့ပြီး ဒီချုပ်ဗဟိုကော်မတီအဖွဲ့ ဝင် ဦးဝင်းထိန်က တပ်ချုပ်ကို အ လေးပြုနှုတ်ဆက်ခဲ့သည့် ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်၌ ဖြန့်ဝေမှုအမြောက်အမြားရှိသည်။ အတိုက်အခံနိုင်ငံရေးသမားဟောင်းလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ညာလက်ရုံးလည်းဖြစ်သည့်ဦးဝင်းထိန်သည် ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်သည်။
လာမည့် အရပ်သားအစိုးရ သစ်လက်ထက်တွင်လည်း လွှတ် တော်၌ နေရာ ၂၅ ရာခိုင်နှုန်းယူထားပြီး ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ အဓိကဝန်ကြီးဌာနသုံးနေရာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ခွင့်ရရှိထား၍ တပ်မတော်နှင့် ဒီချုပ်ကြားတွေ့ ဆုံဆွေးနွေးမှုသည် အသွင်ကူး ပြောင်းရေးတွင် အရေးကြီးဆုံး တွေ့ဆုံမှုအဖြစ်သတ်မှတ်ထား ကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်တို့သည် နှစ်ကြိမ်တွေ့ဆုံမှုပြု လုပ်ခဲ့ပြီးဖြစ်သော်လည်း သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့သည် ဒီဇင်ဘာ ၂ ရက် က တစ်ကြိမ်သာ တွေ့ခဲ့သည်။