မန္တလေးခရိုင်အတွင်းရှိ မဲဆန္ဒနယ်မြေများတွင် ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအနက် နိုဝင်ဘာ ၃၀ ရက်အထိ အသုံးစရိတ်တင်ထား သည့် ကိုယ်စားလှယ်လောင်းငါးဦးသာရှိကြောင်း ခရိုင်ရွေးကောက် ပွဲကော်မရှင်မှ သတင်းရရှိသည်။
တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီမှ ကိုယ်စားလှယ် လောင်း နှစ်ဦး၊ ပြည်သူ့ဒီမိုကရေ စီပါတီမှ ကိုယ်စားလှယ်လောင်း နှစ်ဦးနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ကိုယ်စားလှယ်လောင်း တစ်ဦး၊ စုစုပေါင်း ကိုယ်စားလှယ် လောင်း ငါးဦးတို့က နိုဝင်ဘာ ၂၅ ရက်မှစတင်၍ ရွေးကောက်ပွဲ အသုံးစရိတ်များ လာရောက်တင် သွင်းထားကြောင်း ခရိုင်ရွေး ကောက်ပွဲကော်မရှင်အရာရှိ ဦး တင်မင်းအေးက ပြောသည်။
ရွေးကောက်ပွဲအသုံးစရိတ် တင်သွင်းသည့် ကိုယ်စားလှယ် များတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေတွင် အနိုင်ရခဲ့သည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ရွှေ၏ ရွေးကောက်ပွဲအသုံးစရိတ်မှာ ကျပ် ခုနစ်သိန်းကျော်သာရှိခဲ့ပြီး အခြားကိုယ်စားလှယ်လေးဦးတွင်လည်း အများဆုံးအသုံးပြုခဲ့သည့် ကိုယ်စားလှယ်လောင်း၏ အသုံးစရိတ်သည် ကျပ် ၂၈ သိန်း ကျော်သာရှိခဲ့သည်။
‘‘ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၁၀၀ ကျော်ရင် ကန့် ကွက်လို့ရတယ်။ လက်ရှိအနေ အထားအရဆိုရင်တော့ ကန့် ကွက်တာ မရှိနိုင်လောက်ဘူးထင် တယ်’’ဟု ဦးတင်မင်းအေးက ပြောသည်။
ကိုယ်စားလှယ်လောင်းအာ မခံကြေးငွေ ကျပ် သုံးသိန်းအပါ အဝင် ရွေးကောက်ပွဲအောင်နိုင် ရေးအတွက် ငွေကျပ် ခုနစ်သိန်း ခန့်သာ အသုံးပြုခဲ့ပြီး ရွေးကောက် ပွဲတွင် အနိုင်ရခဲ့သည့် ဒီမိုကရက် တစ်ပါတီ(မြန်မာ) လွှတ်တော် ကိုယ်စားလှယ်လောင်းဦးအောင်ရွှေက ၎င်း၏ မဲဆန္ဒနယ်မြေတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အတွက် အနိုင်ရခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ဦးအောင်ရွှေက ပြောကြားသည်။
‘‘ကျွန်တော်က စက်ဘီးလေး နဲ့ပဲ လှည့်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်း မဲဆွယ်တာ။ အဓိကတော့ NLD မပါတော့ NLD ရမယ့် မဲကျွန်တော်ရလိုက်လို့ နိုင်တာပါ’’ဟု ဦးအောင်ရွှေက ပြောသည်။
ကိုယ်စားလှယ်လောင်း အ မည်စာရင်း တင်သွင်းချိန်မှစတင် ၍ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်ကာလ ပြီးဆုံးချိန်အထိ အသုံးပြုခဲ့သည့် ရွေးကောက်ပွဲ အောင်နိုင်ရေး အသုံးစရိတ်များ ကို ကိုယ်စားလှယ်လောင်းအမည် စာရင်းကြေညာပြီး ရက်ပေါင်း ၃ဝအတွင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်သို့ အထောက်အထားစာ ရွက်စာတမ်းများနှင့်တကွ တင်ပြ ရမည်ဖြစ်သည်။ မန္တလေးခရိုင်အတွင်းရှိ မဲ ဆန္ဒနယ်မြေများတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၁၂ ဦး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ရွေးကောက်ပွဲအပြီး အနိုင်ရ ကိုယ်စားလှယ်လောင်း အမည်စာ ရင်းများ ထုတ်ပြန်ကြေညာပေးခဲ့ သည်။
လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ ရွေးကောက်ပွဲ အ သုံးစရိတ် တင်ပြရာတွင် နှောင့် နှေးကြန့်ကြာမှုများ ရှိနေသည့်အ တွက် အမြန်ဆုံး တင်သွင်းကြရန် နှင့် ရွေးကောက်ပွဲအသုံးစရိတ် တင်ပြခြင်းမရှိသည့် ကိုယ်စား လှယ်လောင်းများကို ဥပဒေအရ ရွေးကောက်ပွဲထပ်မံဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်းများ ပြု လုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။