နိုင်ငံရေးစိတ်ပါဝင်စားသူများအတွက် ယခုရက်ပိုင်း အဓိကစိတ်ဝင်စားနေသောအကြောင်းအရာများတွင် ဒုတိယသမ္မတများ၏ လုပ်ငန်းတာဝန်ခွဲဝေမှုမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒီချုပ်ကိုယ်စားလှယ်များက တင်သွင်းသော ဒု သမ္မတနှစ်ဦးနှင့် တပ်မတော်က တင်သွင်းသော ဒုသမ္မတတစ်ဦးတို့ အမည်စာရင်းများ ထွက်ပေါ်ပြီးချိန်တွင် ဒုသမ္မတတာဝန်နှင့် လုပ်ပိုင်ခွင့်များ သိလိုကြခြင်းဖြစ်သည်။ ဦးထင်ကျော် သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခံရပြီးနောက် တပ်မတော်ကတင်သည့် ဦးမြင့်ဆွေနှင့် ဒီချုပ်က တင်သည့် ဦးဟင်နရီဗန်ထီးယူတို့သည် ဒုသမ္မတများအဖြစ် တာဝန်ထမ်းဆောင်ကြရတော့မည်ဖြစ်သည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် တပ်မတော်မှလာသော ဒုသမ္မတ(၁) သည် အထူးစီးပွားရေးဇုန်စီမံကိန်းအားလုံးအပါအဝင် ကြီးမားသည့်ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခဲ့ပြီး အရပ်သား ဒုသမ္မတ(၂)မှာ အများအားဖြင့် သာရေးနာရေး၊ လူမှုရေး ဆိုင်ရာကိစ္စများ ဆောင်ရွက်မှုဖြင့်သာ လူသိများခဲ့သည်။ ဒုသမ္မတ(၁) သီဟသူရ ဦးတင်အောင်မြင့်ဦးနေရာသို့ ဦးဉာဏ်ထွန်းအစား ထိုးဝင်ရောက်လာပြီးနောက် ရာထူးအရ ဒုသမ္မတ(၂) ဖြစ်လာသော်လည်း မူလ ဒုသမ္မတ(၁)တာဝန်များကိုသာ ဆက်လက်ထမ်း ဆောင်ခဲ့သည်။ ထို့ကြောင့် လာမည့်ဒီချုပ်အစိုးရလက်ထက်တွင် ပိုအရေးပါအရာရောက် အခရာကျသည့်တာဝန်များကို မည်သူယူမည်လဲဆိုသည်နှင့် ပတ်သက်၍ သုံးသပ်ချက်အမျိုးမျိုး ထွက်ပေါ်နေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုအစိုးရအ ဖွဲ့ဥပဒေတို့အပါအဝင် ဥပဒေနှင့် နည်းဥပဒေများအရ ဒုသမ္မတများ၏တာဝန်ခွဲဝေမှုကို ဆုံးဖြတ်ချက်မှာ သမ္မတ၏လက်ထဲတွင်သာရှိကြောင်း တွေ့ရသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေအခန်း(၃) နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များပုဒ်မ ၄၁ ၌ ‘‘နိုင်ငံတော်သမ္မတသည် ဒုတိယသမ္မတများက ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များခွဲဝေ သတ်မှတ်ပေးနိုင်သည်။ ခွဲဝေသတ်မှတ်ထားသော တာဝန်များကို ပြောင်းလဲသတ်မှတ်နိုင်သည်’’ဟု ပါရှိသည်။ ဒုတိယသမ္မတများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပုဒ်မ ၄၇ တွင် ‘‘ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတက ခွဲဝေသတ်မှတ်ထားသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်’’ဟု ပြဌာန်းထားသည်။
ဒုသမ္မတ(၁)နှင့် (၂)ကြားတွင် ကွာခြားချက်သည် သမ္မတ ရွေးချယ်တင်မြောက်စဉ်က ဒုတိယမဲအများဆုံးရရှိသည့် ဒုသမ္မတ(၁)သည် သမ္မတပြည်ပခရီးသွားနေချိန်တွင် သမ္မတ၏တာဝန်ဝတ္တရားများကို ယာယီပူးတွဲထမ်းဆောင်ရမည်ဖြစ်သည်။ သမ္မတအားလည်း ကောင်း၊ သမ္မတမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်အားလည်းကောင်း ဒုသမ္မတများက တာဝန်ခံရမည်ဖြစ်၍ သမ္မတရာထူးလစ်လပ်သည့် အခါတွင်လည်း ဒုသမ္မတ(၁)က ယာယီသမ္မတအဖြစ် တာဝန်ယူရမည်ဖြစ်သည်။ ထိုအခြေအနေနှစ်ရပ်မှလွဲလျှင် ဒုသမ္မတနှစ်ဦးအကြား လုပ်ပိုင်ခွင့်များမှာ သမ္မတခွဲဝေပေးသည့်အတိုင်းသာ ဖြစ်သည်။
ဒုသမ္မတများသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် ပါဝင်ရပြီး ဘဏ္ဍာရေးကော်မရှင်တွင်လည်း ဒုဥက္ကဌများအဖြစ် တာဝန်ယူရမည်ဖြစ်သည်။ ကာလုံနှင့် ဘဏ္ဍာရေးနှစ်ရပ်စလုံးကို သမ္မတက ဦးဆောင်ဖွဲ့စည်းမည်ဖြစ်သည်။
ဒီချုပ်အစိုးရသစ်လက်ထက်တွင် ကာလုံကောင်စီ၌ အရပ်သားစစ်စစ်အရေအတွက်ထက် တပ်မတော်က အင်အားဆက်များမည့် အနေအထားရှိသည်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ စစ်တပ်က တရားဝင်အာဏာသိမ်းခွင့်ရှိရာတွင် ကာလုံ၏အခန်းကဏ္ဍမှာ အရေးပါပြီး လုပ်ပိုင်ခွင့်မြင့်မားစွာ ရှိနေသည်။ ပါဝါကြီးသော ကာလုံကောင်စီတွင် သမ္မတနှင့် ဒုသမ္မတများ၊ လွှတ်တော်နှစ်ရပ်ဥက္ကဌများ၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးဟူ၍ အဖွဲ့ဝင် ၁၁ ဦးပါ ဝင်သည်။ လာမည့်အစိုးရသက်တမ်းတွင် ကာလုံအဖွဲ့၌ သမ္မတ၊ လွှတ်တော်ဥက္ကဌနှစ်ဦးနှင့် နိုင်ငံခြားရေးဝန်ကြီးစုစုပေါင်းလေးဦးသာ အရပ်သားများဖြစ်ကြမည် ဖြစ်သည်။ ဒုသမ္မတဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့မှာ စစ်တပ်မှလာသည့် နောက်ကြောင်းရာဇဝင်ရှိကြသူများဖြစ်ပြီး ကျန်လူများမှာ တပ်မတော်ကို ကိုယ်စားပြုသူများဖြစ်ကြသည်။
ဘဏ္ဍာရေးကော်မရှင်အနေဖြင့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ဗဟိုဘဏ်၊ စည်ပင်သာယာရေးအဖွဲ့များ၊ နေပြည်တော်ကောင်စီ၊ ပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားပေးရေး အစရှိသည်တို့၏ ဘတ်ဂျက်ရေးရာများကို ကိုင်တွယ်သည်။ သက်တမ်းကုန်၍ ထွက်ခွားသွားရတော့မည့် ဦးသိန်းစိန်အစိုးရသည် နိုဝင်ဘာလပထမအကြိမ်ပြည်ထောင်စုလွှတ်တော် နောက်ဆုံးအကြိမ်အစည်းအဝေး၌ ဖြည့်စွက်ဘတ်ဂျက် ကျပ်ဘီလီယံ နှစ်ထောင်ကျော် တောင်းခံခဲ့သည်။ ယင်း၌ ဝန်ကြီးဌာန ၂၆ ခု အနက် ကာကွယ်ရေးဝန်ကြီးဌာနက ဖြည့်စွက်လိုငွေကျပ်ဘီလီယံ လေးရာကျော်ဖြင့် အများဆုံးပမာဏဖြစ်ကြောင်း တွေ့ရသည်။ သမ္မတအိမ်တော်တွင် ကျင်းပ၍ ဒုသမ္မတနှစ်ဦး၏ဘတ်ဂျက်တင်ပြချက်များ ပြုလုပ်ခဲ့သော ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး ကျင်းပခဲ့ပြီးနောက် လွှတ်တော်သို့ ဖြည့်စွက်ဘတ်ဂျက် တောင်းခံခဲ့ခြင်းဖြစ်သည်။
သမ္မတက တာဝန်ပေးအပ်သော ဒုသမ္မတတစ်ဦးသည် ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကို ဦးဆောင်စိစစ်၍ ယင်းတို့၏ အရအသုံးငွေစာရင်းလျာထားချက်ကို ဘဏ္ဍာရေးကော်မရှင်ထံ တင်ပြရမည်ဖြစ်သည်။ ကျန်ဒုသမ္မတတစ်ဦးသည် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အရအသုံးငွေစာရင်းများကို ဦးဆောင်စိစစ်၍ ယင်း၏ အရအသုံးငွေစာရင်းလျာထားချက်ကို ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။
ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဖြစ်ခဲ့သူ ဦးဉာဏ်ထွန်းသည် မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ဥက္ကဌတာဝန်လည်း ယူခဲ့သည်။ ၎င်း၏ ဒုသမ္မတသက်တမ်းအတွင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန် စသည့် နိုင်ငံ၏အကြီးဆုံး အထူးစီးပွားရေး ဇုန်စီမံကိန်းကြီးများကို ကိုင်တွယ်ခဲ့သည်။ ထို့အပြင် ဆက်စပ်စီမံကိန်းများ၊ ကော်မတီ၊ ကော်မရှင်များ၌လည်း ပါဝင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေါက်တာစိုင်းမောက်ခမ်းသည် ကျန်းမာရေး၊ လူ မှုရေးဆိုင်ရာကိစ္စများ၌ ပါဝင်ခဲ့ကြောင်း တွေ့ရသည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ၌ ဒုသမ္မတများက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကို ဒေါက်တာစိုင်းမောက်ခမ်းက ဦး ဆောင်ခဲ့သည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား သုံးနှစ်တာခန့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဒုသမ္မတများပါဝင်မှုသည် မည်ကာမတ်တသာရှိခဲ့သည်။
ဒုသမ္မတများသည် လစာကျပ်သိန်းလေးဆယ်၊ မော်တော်ယာဉ် ငါးစီးနှင့်ယာဉ်မောင်းငါးဦး၊ ယင်းကားငါးစီးအတွက် စက်သုံးဆီ၊ စက်ဆီနှင့်ချောဆီ၊ ပြည်တွင်းပြည်ပတယ်လီဖုန်း အခမဲ့သုံးစွဲခွင့်၊ ရေနှင့်လျှပ်စစ်အခမဲ့သုံးစွဲခွင့်၊ ကိုယ်ရံတော်တစ်ဦး၊ ကိုယ်ရေးအ ရာရှိနှစ်ဦး၊ လုံခြုံရေးအစောင့်အရှောက်၊ အိမ်တော်နှင့် ယင်းအိမ်တော်ကို ထိန်းသိမ်းစောင့်ရှောက်မှု အခမဲ့ခံစားခွင့်၊ အိမ်တော်ဆိုင်ရာ လိုအပ်သည့် ပရိဘောဂနှင့် ထိန်းသိမ်းစောင့်ရှောက်မှုစရိတ်၊ အိမ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် အိမ်တော်ဝန်နှင့် အိမ်တော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ စသည်တို့ကို ခံစားခွင့်ရရှိကြမည်ဖြစ်သည်။