ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်လုံးမှ ရွေးချယ်ထားသည့် ဒုတိယသမ္မတများသည် သမ္မတ အရည်အချင်းနှင့် ကိုက်ညီခြင်း ရှိမရှိ စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များကို လာမည့် မတ်လ ၁၄ ရက် တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာမည် ဖြစ်သည်။ ထို့ပြင် ဒုတိယသမ္မတများ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် အချိန်များကိုလည်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာမည် ဖြစ်သည်။
ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အစည်းအဝေးတွင် ဒုတိယသမ္မတလောင်းအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အဆိုပြုထားသူ ဦးထင်ကျော်က စုစုပေါင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၁၇ ဦးတွင် စုစုပေါင်း ဆန္ဒမဲလက်မှတ် ၂၇၄ မဲ ရရှိပြီး ပြည်ခိုင်ဖြိုးပါတီက အဆိုပြုထားသည့် ဒေါက်တာစိုင်းမောက်ခမ်းက ၂၉ မဲရရှိသဖြင့် ဦးထင်ကျော်သည် ပြည်သူ့လွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်အစုအဖွဲ့ မှ ရွေးချယ်သည့် ဒုတိယသမ္မတ ဖြစ်လာသည်။ ပြည်သူ့လွှတ်တော်တွင်စုစုပေါင်းရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၂၃ ဦးရှိသော်လည်း ယနေ့ (မတ်လ ၁၁ ရက်) တွင် ကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်သူ ကိုယ်စားလှယ် ၃၁၇ ဦးရှိပြီး မဲခွဲဆုံးဖြတ်ရာတွင် ပယ်မဲ ၁၄ မဲ ဖြစ်ပေါ်ခဲ့သည်။
ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးတွင် စုစုပေါင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆၇ ဦးအနက် ဦးဟင်နရီဗန်ထီးယူက ၁၄၈ မဲရရှိပြီး ဦးခင်အောင်မြင့်က ၁၃ မဲ ရရှိသဖြင့် ဦးဟင်နရီဗန်ထီးယူသည် အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်အစုအဖွဲ့က တင်မြောက်သော ဒုသမ္မတ ဖြစ်လာသည်။ အမျိုးသားလွှတ်တော်တွင် စုစုပေါင်းတက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် ၁၆၈ ဦးရှိသော်လည်း ယနေ့(မတ်လ ၁၁ ရက် )တွင် ကျင်းပသော အစည်းအဝေးသို့ ကိုယ်စားလှယ် ၁၆၇ ဦး တက်ရောက်ခဲ့သည်။
Friday March 03, 2016
7 Day Daily