ရွေးကောက်ပွဲရလဒ်ကို ကြေညာထားပြီးဖြစ်သော်လည်း ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနက် ရွေးကောက်ပွဲကုန်ကျစရိတ်တင်ပြလာသူ နည်းပါးနေ သည့်အတွက် သတ်မှတ်ရက်အတွင်း အမြန်ဆုံးတင်သွင်းကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သတင်းရ ရှိသည်။
ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ကြသော လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲကုန်ကျစရိတ်ကို မတင်သွင်းပါက ရွေးကောက်ပွဲ နည်းဥပဒေအရ အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ် ကြေညာခြင်းခံရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။
ထိုသို့ အရည်အချင်းပျက် ယွင်းသူအဖြစ် သတ်မှတ်ခံရပါက လာမည့် ငါးနှစ်သက်တမ်းအတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်မ ဟုတ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သိရသည်။
‘‘မတင်သွင်းရင် အရည်အ ချင်းပျက်ယွင်းကြောင်း ကြေညာ ခံရမယ်။ အကျိုးဆက်က ဒီငါးနှစ် သက်တမ်းအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်လို့ ရတော့မှာ မဟုတ်ပါဘူး’’ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ဝင် ဦးဝင်းကြည်က 7DayDaily သတင်းစာအား ပြောကြား သည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အားလုံးသည် ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ၎င်းတို့အမည်စာရင်းတင်သွင်းခဲ့ကြသည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အသီးသီးသို့ ရွေးကောက်ပွဲကုန်ကျစရိတ်ပုံစံ ၂၀ ဖြင့် တင်သွင်းကြရမည် ဖြစ်သည်။
ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဝင်ရောက် ယှဉ်ပြိုင်ကြသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး လျှင် မဲဆွယ်စည်းရုံးရေးကုန်ကျစရိတ်အဖြစ် ငွေကျပ်သိန်းတစ်ရာခွင့်ပြုထားသည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပ သော ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၀ ကျော်မှ လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် တစ်သီးပုဂ္ဂ လလွှတ်တော်ကိုယ်စားလှယ် လောင်းများအပါအဝင် ကိုယ်စားလှယ်လောင်း ခြောက်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။